AA အကြီးအကဲသည် ဘင်္ဂလားဒေ့ရှ်တွင် ဆေးဝါးကုသမှုခံယူနေသည်ဆိုသည့် ထင်ကြေးပေးမှုများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ပယ်ချ

AA အကြီးအကဲသည် ဘင်္ဂလားဒေ့ရှ်တွင် ဆေးဝါးကုသမှုခံယူနေသည်ဆိုသည့် ထင်ကြေးပေးမှုများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ပယ်ချ
Published 7 July 2026

AA လက်နက်ကိုင်အဖွဲ့အကြီးအကဲသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆေးဝါးကုသမှုခံယူနေသည်ဆိုသည့် ထင်ကြေးပေးမှုများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာခါလီလူရာမန်က ငြင်းပယ်ခဲ့ကြောင်းBay of Bengal Post သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ဒေါက်တာ ခါလီလူရာမန်သည် ဇူလိုင် ၅ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ချိန် AA ခေါင်းဆောင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှိနေသည်ဟု သတင်းထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး အစိုးရထံတွင် မည်သည့်သတင်းအချက်အလက်မျှ မရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သတင်းများနှင့်ပတ်သက်၍ မေးမြန်းရာတွင် ဒေါက်တာရာမန်က "ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ဆီမှာ ဘာသတင်းအချက်အလက်မှ မရှိပါဘူး" ဟု ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာတပ်မတော်သည် ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်နှင့် မောင်တော အပါအဝင် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ဒေသများတွင် AA ကို စစ်ဆင်ရေးများ တိုးမြှင့်လုပ်ဆောင်နေချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်စပ်မြို့ဖြစ်သော တက်ခ်နက်ဖ်မြို့ရှိ ဒေသခံများက မကြာသေးမီရက်ပိုင်းအတွင်း နယ်စပ်တစ်ဖက်ခြမ်းမှ ပြင်းထန်သော ပေါက်ကွဲသံများနှင့် သေနတ်သံများကို ကြားရကြောင်း ပြောကြားခဲ့သည်။

ပဋိပက္ခများ ပိုမိုပြင်းထန်လာသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဘင်္ဂလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) ဒုက္ခသည်များ နောက်တစ်ကြိပြန်လည် ဝင်ရောက်လာနိုင်ခြေအပေါ် စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ ရာနှင့်ချီသည့် ဘင်္ဂလီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် နက်ဖ်မြစ်အနီးတွင် စုဝေးနေကြကြောင်း ဖော်ပြထားသဖြင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) အနေဖြင့် နယ်စပ်၏ စိုးရိမ်ရသော နေရာဒေသများတွင် ကင်းလှည့်မှုများကို တိုးမြှင့်ထားသည််။

လက်ရှိ လုံခြုံရေးအခြေအနေနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် အနီးကပ် စောင့်ကြည့်နေကြောင်း ခါလီလူ ရာမန်က ပြောကြားခဲ့သည်။

"ကျွန်တော်တို့ နယ်စပ်အခြေအနေကို စောင့်ကြည့်နေပါတယ်။ နယ်စပ်တစ်လျှောက် ကင်းလှည့်မှုတွေကိုလည်း တိုးမြှင့်ထားပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: Bay of Bengal Post

Most Read

Most Recent