■ ထိုင်းနိုင်ငံသို့ ယခုနှစ် လေးလတာကာလအတွင်း မြန်မာနိုင်ငံသား ခုနစ်သိန်းနီးပါး ဝင်ရောက်ခဲ့

■ ထိုင်းနိုင်ငံသို့ ယခုနှစ် လေးလတာကာလအတွင်း မြန်မာနိုင်ငံသား ခုနစ်သိန်းနီးပါး ဝင်ရောက်ခဲ့
Published 6 July 2026

ထိုင်းနိုင်ငံသို့ ယခုနှစ် လေးလတာကာလအတွင်း မြန်မာနိုင်ငံသား ခုနစ်သိန်းနီးပါး ဝင်ရောက်ခဲ့သည်ဟု IOM က ထုတ်ပြန်သည့် သတင်းအချက်အလက်ကို ကိုးကားပြီး ထိုင်းသတင်းများတွင် ဖော်ပြသည်။

ကုလသမဂ္ဂ၏ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အေဂျင်စီ(IOM) ၏ အချက်အလက်များအရ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသား ၆၈၇၀၀၀ ဦး ဝင်ရောက်ခဲ့ပြီး တာခ့်ခရိုင်၊ ကန်ချနာဘူရီ၊ ရနောင်း၊ ချင်းမိုင်မြို့များတွင် နယ်စပ်ဖြတ်ကျော်မှုမှ တစ်ဆင့် ဝင်ရောက်လာခဲ့သည်ဟု သိရသည်။

ဝင်ရောက်လာသူ ၃၅၀၀ ကျော်ကို IOM က စစ်တမ်းကောက်ယူခဲ့ရာတွင် ၄၁ ရာခိုင်နှုန်းမှာ တရားဝင် စာရွက်စာတမ်းအထောက်အထားများမရှိကြောင်း၊ လာရောက်ရသည့်အကြောင်းများမှာ စီးပွားရေး၊ အလည်အပတ်၊ အလုပ်လာရှာခြင်း တို့အပြင် စစ်ဘေးကိုရှောင်တိမ်းခြင်းများလည်းရှိသည်ဟု သတင်းတွင် ဖော်ပြသည်။

ထို့ပြင် မြန်မာနိုင်ငံသားများမှာ ယခင်ကကဲ့သို့ အလုပ်လာရောက်လုပ်ကိုင်သူ သက်သက်သာမဟုတ်တော့ကြောင်း၊ ထိုင်းနိုင်ငံ အတိုင်ပင်ခံကုမ္ပဏီ Happio ၏ မကြာသေးမီက လေ့လာမှုတစ်ခုအရ မြန်မာနိုင်ငံသား လေးသန်းခန့်သည် တစ်နှစ်လျှင် ဘတ် ၂၂၁ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆.၇ ဘီလီယံခန့်) သုံးစွဲနေကြပြီး ထိုင်းစီးပွားရေး လုပ်ငန်းအများစုသည်ယင်းဈေးကွက်ကို သတိမမူမိသည့် စားသုံးသူဈေးကွက်တစ်ခုဖြစ်ကြောင်း သတင်းတွင် ဆက်လက်ရေးသားထားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တစ်မြို့တည်းမှာပင် မြန်မာ ၅၂၀,၀၀၀ ကျော် နေထိုင်ကြပြီး၊ စမွတ်စခွန်၊ ချင်းမိုင်၊ တာ့ခ်နှင့် ရနောင်းတို့တွင်လည်း နေထိုင်နေကြကြောင်း၊ တက္ကသိုလ်စာသင်ခန်းများတွင်လည်း မြန်မာကျောင်းသားများ တက်ရောက်မှု ပိုများလာကြောင်း၊ ထိုင်းနိုင်ငံတက္ကသိုလ်များတွင် တက်ရောက်နေသူမှာ ခြောက်ဆခန့်မြင့်တက်လာကြောင်း၊ တစ်နှစ်လျှင် ၃၀၀၀ အောက်သာရှိရာမှ ၂၀၂၅ ခုနှစ်တွင် ၁၇၀၀၀ ကျော်အထိ ရှိလာခဲ့ကြောင်း သတင်းတွင် ဆက်လက်ရေးသားထားသည်။

Most Read

Most Recent