Written by- သိုက်စိုးထွန်း (နတ်ရွာ)
သားလျှောက်ရမယ့်ခရီးက အဝေးကြီး ကျန်သေးတယ်။ မိုင်ပေါင်းထောင်သောင်းကုဋေ လျှောက်လှမ်းရဦးမယ်။ အကြာကြီး လျှောက်လှမ်းရမယ့် ဘဝခရီးလမ်းတစ်လျှောက်မှာ ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ရင် အကောင်းဆုံးပဲပေါ့။ လူငယ်ဘဝမှာလည်း ပျော်နိုင်အောင်ကြိုးစားရမယ်။ လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်ရင်လည်း ပျော်နိုင်အောင် ကြိုးစားရမယ်။ ပျော်အောင်မနေနိုင်ရင် တစ်ပန်းရှုံးတာပါပဲ။ ပြောတော့သာအလွယ်သား၊ စိတ်ညစ်စရာတွေက အများကြီးရှိနေတာလို့ ပြောချင်ပြောမှာပေါ့။ အိမ်စာတွေပေးလိုက်တာတွေက များနေတယ်။ ကျောင်းကတစ်မျိုး၊ ကျူရှင်ကတစ်မျိုး၊ အွန်လိုင်းသင်တန်းက တစ်မျိုး။ ဘယ်ဟာအရင်ကြည့်လို့ကြည့်ရမှန်း မသိတော့ဘူး။ အရေးထဲမှာ သူငယ်ချင်းတွေနဲ့ စကားများတာမျိုးကလည်း တစ်ခါတစ်ခါရှိ နေပြန်တယ်။ ဒီလိုပြောမှာပေါ့။ ဟုတ်တယ်။ ဘယ်သူမဆို ဘဝမှာ အခက်အခဲတွေ၊ ပြဿနာတွေ ကိုယ်စီကိုယ်စီရှိကြတာပဲ။ ရှိကြမှာပဲ။ ဘာအခက်အခဲမှမရှိတဲ့သူဆိုတာ မရှိဘူး။ အနည်းအများပဲ ကွာကြတာ။
ဘဝခရီးလမ်းမှာ လျှောက်လှမ်းနေသရွေ့ ပြဿနာတွေက ရှိနေဦးမှာ။ ပြဿနာတွေရှိနေလို့ မပျော်နိုင်တော့ဘူးဆိုရင် သားဘယ်အခါမှပျော်နိုင်တော့မှာ မဟုတ် ဘူး။ အခက်အခဲတွေ ရှိနေတဲ့ကြားက စိတ် အေးလက်အေး ရှိနေနိုင်အောင် လေ့ကျင့် ထားမှရမှာ။ ဒီလိုပြောလိုက်လို့ အိမ်စာတွေ ဘယ်လောက်ပေးပေး၊ ဘာမှပူနေစရာမလို ဘူး။ ဘာမှကြိုးစားနေစရာလည်း မလိုဘူး။ အချိန်တန်ရင် တစ်နှစ်တစ်တန်း အောင်သွား မှာပဲဆိုတဲ့သဘောမျိုး ပေါ့တိပေါ့ဆအနေခိုင်း တာတော့မဟုတ်ပါဘူး။ ကိုယ်ကြိုးစားနိုင်တဲ့ အတိုင်းအတာတစ်ခုအတွင်းမှာတော့ ကြိုး စားနေရမှာပေါ့။ အတိုင်းအတာထက်လွန်လာ ရင်တော့ ဘယ်တတ်နိုင်မလဲ။ ကိုယ်တတ်နိုင် တဲ့ အတိုင်းအတာတစ်ခုကို ကျော်သွားပြီ ဆိုရင်တော့ ငါလုပ်စရာရှိတာကို လုပ်ပြီးပြီ ရလဒ်တွေဘယ်လိုဖြစ်လာမလဲဆိုပြီး ဒီအ တိုင်း စိတ်အေးလက်အေး ထိုင်ကြည့်နေ လိုက်ရုံ ရှိတော့တာပေါ့။ ပူပန်နေလို့လည်း အပိုပဲလေ။ စိတ်မောလူမော ဖြစ်ရုံပဲရှိမှာပေါ့။ ကျန်တာ ဘာမှအကျိုးမထူးနိုင်ဘူး။
စိတ်တွေပူနေတာ၊ စိုးရိမ်သောကများနေ တာက ကောင်းကျိုးသာမရတာ၊ ဆိုးကျိုးကျ တော့ ရတယ်။ ပူပန်တာတွေများလွန်းလာရင် ကိုယ်ရောစိတ်ရော ထိခိုက်လာတတ်တယ်။ နွမ်းဟိုက်ဖြစ်လာတယ်။ ဘာကိုမှ သိပ်ပြီး မကြိုးစားချင်တော့ဘူး။ မကြိုးစားနိုင်တော့ ဘူး။ ကိုယ်ဖြစ်ချင်တာတွေမဖြစ်ရလို့ စိတ်တွေ ပူ၊ စိတ်တွေပူလို့ ကိုယ်နွမ်းစိတ်နွမ်းဖြစ်၊ ကိုယ် နွမ်းစိတ်နွမ်းဖြစ်လို့ သိပ်ပြီးမကြိုးစားနိုင်၊ မကြိုးစားနိုင်တော့ တစ်ခါထပ်ကျရှုံး။ ဒီလိုနဲ့ လုံးလည်ချာလည်လိုက်ကုန်မှာ။ ဒီတော့ စိတ်ကိုပျော်ပျော်ရွှင်ရွှင် ကြည်ကြည်လင်လင်ထားနိုင်အောင်တတ်နိုင်သမျှ ကြိုးစားရမှာပေါ့။ စိတ်ရောကိုယ်ရော လန်းဆန်းနေမှ ဘဝခရီး ကို အားမာန်အပြည့်နဲ့ လျှောက်လှမ်းနိုင်မှာ။ သာခွေယိုင်နွမ်းနေတဲ့သူက တာရှည်လျှောက် ရ မယ့် ခရီးတွေကို ကြံ့ကြံ့ခံပြီး လျှောက်နိုင်မှာ မဟုတ်ဘူး။
ဘဝလမ်းခရီးကို အားမာန်အပြည့်နဲ့ လျှောက်နိုင်ဖို့အတွက် စိတ်ရောကိုယ်ပါ လန်း ဆန်းနေဖို့လိုတယ်။ ကိုယ်စိတ်နှစ်ပါးရွှင်လန်း ဖို့ဆိုရင် ကိုယ့်စိတ်ကိုသင့်လျော်အောင် ပြင် ဆင်ထားနိုင်ဖို့လိုတယ်။ စိတ်ထားတတ်ဖို့က ဒီအရွယ်လောက်ကတည်းက စçပြောထားဖို့ လိုမယ်ထင်လို ့ပြောရတာပါ။ သူငယ်ချင်းတွေ ကိုသတိထားကြည့်မယ်ဆိုရင် သားတို့အရွယ် လေးမှာကိုပဲ ဖိအားအပေးခံရတဲ့ဒဏ်၊ တွန်း အားအပေးခံရတဲ့ဒဏ်တွေနဲ့ စိတ်လက်မချမ်း မသာဖြစ်နေတဲ့သူတွေ ရှိနေတာကိုတွေ့ရမှာ ပါ။ ငွေကြေးဥစ္စာ မပြည့်စုံတော့ မပြည့်စုံလို့ စိတ်ဆင်းရဲရ။ ပြည့်စုံတဲ့သူတွေကျပြန်တော့ လည်း အမှတ် ၉၀ ရတာကို ၉၅ မကျော်လို့၊ ၁၀၀ မရလို့ဆိုပြီး အငေါက်အငမ်းခံရ၊ ဒုတိယ ဆုရတာကို ပထမ မရလို့ အပြစ်တင်ခံရဆိုတာ မျိုးတွေနဲ့ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်တဲ့သူ တွေကဖြစ်။ ရှာကြံတွေးရင်တော့ စိတ်ဆင်းရဲ စရာဆိုတာက တစ်ခုမဟုတ်တစ်ခုဖြစ်နေ မှာပါပဲ။ သူသူကိုယ်ကိုယ် အခါခပ်သိမ်းပျော် နေဖို့မလွယ်ပေမဲ့ သားတို့အရွယ်မှာ အများ ကြီး စိတ်ဒုက္ခရောက်နေတာမျိုးကတော့ သဘာဝမကျဘူး။ လူငယ်ဆိုတာ လူငယ်ပီပီ တက်တက်ကြွကြွ၊ လန်းလန်းဆန်းဆန်းရှိနေရမှာပါ့။
ပြောလို့သာပြောတာ။ သားက ဖေဖေနဲ့ အတော်လေးတူတယ်။ အတွေးတွေများ တယ်။ စိတ်ထဲမှာ မှတ်ထားတာတွေလည်း များတယ်။ ဖေဖေ့အတွေ့အကြုံအရ သိလိုက် ရတာကတော့ အတွေးလွန်တာတို့၊ အမှတ် သည်းခြေကြီးတာတို့က ကိုယ့်ကိုယ်ကိုယ် ဒုက္ခပြန်ပေးတတ်တယ်ဆိုတာပါပဲ။ ဒီအကျင့် တွေကို ဖေဖေက အရွယ်တစ်ခုရလာမှ ပြန် ပြင်နိုင်ခဲ့တာ။ တစ်နည်းပြောရရင် လျှော့နိုင် ခဲ့တာပေါ့။ သားလည်း လျှော့နိုင်အောင်ကြိုး စားသင့်တယ်။
သားက တစ်ခုခုဆိုရင် တွေးနေတယ်။ ဟုတ်ပါ့မလား၊ သင့်ပါ့မလား၊ အဆင်ပြေပါ့ မလားဆိုတာမျိုး။ သံသယစိတ်လည်း များ တယ်ထင်တယ်။ ပြီးတော့ တစ်ခုခုဆိုရင် မှတ် ထားတယ်၊ တော်တော်နဲ့မမေ့ဘူး။ စာတွေဘာ တွေ မမေ့တာမျိုးဆိုရင်တော့ အတိုင်းထက် အလွန်ကောင်းတာပေါ့။ အခုဟာကတော့ ဒီလိုမဟုတ်ဘူး။ တစ်ယောက်ယောက်က ပြော တဲ့စကား၊ တစ်ယောက်ယောက်ကလုပ်တဲ့ လုပ်ရပ်မျိုးဆို အတော်နဲ့မမေ့ဘူး။ တချို့ကိစ္စ တွေက ဖြစ်သင့်ဖြစ်ထိုက်တဲ့အချိန်ထက်ပိုပြီး အကြာကြီးတေးမှတ်ထားတာမျိုး။ မမေ့နိုင် တာက ကိစ္စမရှိသေးပေမဲ့ အဲဒီလိုမမေ့နိုင်တာ ကို အကြောင်းပြုပြီး စိတ်မချမ်းမသာဖြစ်နေရတာမျိုးဆိုရင်တော့ ကိုယ်ပဲပိုရှုံးတာပေါ့ ကွယ်။ ဒါကြောင့် တချို့ကိစ္စတွေကို မေ့မေ့ပျောက်ပျောက်ထားနိုင်ဖို့ကြိုးစားသင့်တယ်။ မလိုအပ်တာတွေကို လွှတ်ချနိုင်မှ ပေါ့ပါးမှာ။ သားရဲ့ကျောင်းလွယ်အိတ်လိုပေါ့။ အချိန် ဇယားမကြည့်ဘဲ ရှိသမျှစာအုပ်တွေစုပြုံထည့် လိုက်ရင် လွယ်ရတာမသက်သာဘူး။ သူ့အ ချိန်ဇယားနဲ့သူ တစ်နေ့တာသင်ရမယ့်အထဲ ပါတဲ့စာအုပ်လောက်ကိုပဲ ထည့်လာရင်တော့ နည်းနည်းပေါ့ပါးတာပေါ့။ ဘဝခရီးကလည်း ဒီလိုပဲ။ ကိုယ့်ခေါင်းထဲ မလိုတာတွေရော လို တာတွေရော စုပြုံထည့်ထားရင် အလေးကြီး ဖြစ်သွားမယ်။
စိတ်ကသိကအောက်ဖြစ်စရာလေးတွေ ကတော့ တစ်ချိန်မဟုတ်တစ်ချိန် ရှိနေမယ်။ ဒါကို အများကြီး တွေးပူမနေနဲ့။ ဖြေရှင်းနိုင်ရင် ရပြီ။ ဖြေရှင်းပြီးရင်လည်း အပ်ကြောင်းထပ် အောင် ပြန်တွေးမနေတော့နဲ့။ စိတ်ချမ်းသာ စရာကိစ္စတွေမဟုတ်ရင် အများကြီးပြန်ပြန် မတွေးနဲ့။ ဥပမာ လူတစ်ယောက်ကကိုယ့်ကို စကားနဲ့ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ အနိုင်ကျင့်လိုက်တယ်ဆိုပါစို့။ ဒါဆို ကိုယ့် ဘက်က သင့်လျော်တဲ့နည်းနဲ့ တုံ့ပြန်လိုက်ရုံရှိ တာပေါ့။ စကားနဲ့ပြန်ပြောဖို့သင့်ရင် ပြန် ပြောလိုက်မယ်။ ကိုယ်ထိလက်ရောက်တွေပါ လာလို့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်စရာရှိ ရင် အချိန်မီပြန်ခုခံမယ်။ ဒီလိုလုပ်တာ၊ ပြော တာမကြိုက်တဲ့အကြောင်း၊ လက်မခံတဲ့အ ကြောင်း သိအောင်ပြောထားမယ်။ ဒါဆို လုံ လောက်ပြီပေါ့။ ဒီလိုမဟုတ်ဘဲ ကိုယ့်ကိုဘယ် သူတွေက ဘယ်တုန်းက ဘယ်လိုတွေလုပ် ထားဖူးတယ် ဆိုတာမျိုးတွေကို မကြာမကြာ ပြန်ပြန်တွေးပြီး အခဲမကျေနိုင်ဖြစ်နေတာ မျိုးက သိပ်မကောင်းပါဘူး။ “အနိုင်လိုရင် အရှုံးပေး၊ နှလုံးအေးတဲ့ဆေး” ဆိုတဲ့ စကားလုံး မျိုးတွေနဲ့တော့ သားကို အမြဲခေါင်းငုံ့နေဖို့ ဆုံးမမှာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းမှာ ဂုဏ်သိက္ခာဆိုတာရှိတဲ့အတွက် ကိုယ့်ဂုဏ် ကိုယ့်သိက္ခာနဲ့အညီပြန် လည်တုံ့ပြန်ဖို့၊ အတိုင်း အတာတစ်ခုထက်ကျော်မသွားဖို့ကိုသာ သတိပေးနေမှာပါ။ အမြဲတမ်းအရှုံးပေးနေရ ရင် ကိုယ့်ကိုယ်ကိုယ် မလေးစားနိုင်တော့ဘဲ ဖြစ်သွားတတ်တယ်။
ကိုယ့်ကိုယ်ကိုယ်လေးစားဖို့လိုတယ်။ တန်ဖိုးထားဖို့လိုတယ်။ ယုံကြည်မှုရှိဖို့လို တယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားမှလည်း သူများက လေးစားမှာပေါ့။ ဘယ်သူမှမလေး စားတဲ့သူ၊ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် တောင်မလေးစားနိုင်၊ တန်ဖိုးမထားနိုင်တဲ့ သူက ရေရှည်မှာ ပျော်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတဲ့သူ၊ မလေး စားတဲ့သူက ဘဝခရီးကိုလည်း ကောင်း ကောင်း လျှောက်ဖြစ်မှာ မဟုတ်ဘူး။ ဖြစ်ချင် ရာဖြစ်ပါစေတော့ဆိုတဲ့သဘောမျိုးနဲ့ လေနှင် ရာလွင့်နေမိမှာ။ ဖြစ်ချင်ရာဖြစ်ဆိုပေမဲ့ မဖြစ် ချင်တာတွေချည်းပဲ အတော်များများဖြစ်နေ မှာ။ ဒါဆို ဘယ်လိုမှပျော်နိုင်မှာမဟုတ်တော့ ဘူးပေါ့။ ကိုယ်ကိုယ်ကိုယ်လေးစားနိုင်မှ၊ အ များကလည်းလေးစားမှ ပျော်ဖို့ကောင်းမှာ။
ပျော်အောင်နေတယ်လို့ဆိုရာမှာ ပျော်ပုံ ပျော်နည်းမှန်ဖို့တော့ လိုတာပေါ့ကွယ်။ စာ ကြည့်ရတာ ပျင်းတယ်၊ မကြည့်ဘဲပျော်အောင် နေလိုက်မယ်။ ကျောင်းတက်ရတာပျင်းတယ်၊ ကျောင်းပုန်းပြီး ပျော်အောင် နေလိုက်မယ်။ စည်းကမ်းတွေလိုက်နာရတာ စိတ်ကျဉ်းကျပ် တယ်၊ မလိုက်နာဘဲ ပျော်အောင်နေလိုက် မယ်။ ဆေးလိပ်မသောက်၊ ကွမ်းမစားဘဲနေရ တာ ပျင်းတယ်၊ သောက်ရင်းစားရင်းပျော် အောင်နေလိုက်မယ်ဆိုတာမျိုးကတော့ မမှန် ဘူးပေါ့။ ဒီလိုနည်းနဲ့ပျော်တာတွေက ခဏပဲ ခံမှာ။ ရေရှည်ကျတော့ ပျော်နိုင်မှာ မဟုတ် တော့ဘူး။ စာတွေမရရင်ကျောင်းစာသင်ခန်း မှာ မျက်နှာငယ်ရမယ်။ စည်းကမ်းမလိုက်နာ ရင် အပြစ်ပေးခံရမယ်။ ဆေးလိပ်တွေဘာတွေ ဆိုရင် ကျန်းမာရေးကိုထိခိုက်မယ်။ ဒီလိုဆို ပျော်နိုင်တော့မှာ မဟုတ်ဘူးပေါ့။ ကိုယ့်ပျော် ရွှင်မှုက ခဏပဲခံလိမ့်မယ်။ ရေရှည်ပျော်နိုင် မယ့်အရာမျိုးကိုပဲ ရွေးပြီးပျော်တာက ပို ကောင်းမှာပါ။ ဥပမာအားဖြင့် ပန်းချီ၊ ဂီတ စတဲ့ ကိုယ်ဝါသနာပါရာ အလုပ်တစ်ခုခုကိုလုပ် နေရင်း ပျော်အောင်ကြိုးစားတာမျိုးပေါ့။ ပျော်မယ်ထင်တာတစ်ခုခု လုပ်တော့မယ်ဆို တိုင်း ဒီလိုလုပ်တာက ကိုယ့်အတွက် ရေရှည် ပျော်ဖို့ကောင်းလောက်ရဲ့လားဆိုတာကို စဉ်း စားကြည့်ရမှာပေါ့။ ကောင်းမယ်ထင်ရင် လုပ် ပေါ့ကွယ်။
၀ါသနာပါတာလေးတွေ လုပ်နေရရင် လူကကြာလေ ပျော်လေဖြစ်လာတာပါပဲ။ ကောင်းတဲ့ဝါသနာဖြစ်ဖို့ပဲလိုတာ။ ကောင်း တာနဲ့မကောင်းတာကို ဘယ်လိုခွဲမလဲလို့ မေး မယ်ထင်တယ်။ အဓိကကတော့ ကိုယ့်လုပ်ရပ် တစ်ခုကြောင့် ကိုယ့်ကိုယ်ကိုယ်အပါအဝင် တခြားလူတွေ၊ သတ္တဝါတွေအပေါ် ထိခိုက် သွားတာမျိုးမဖြစ်ဘူး၊ ပိုကောင်းသွားတာမျိုးပဲ ဖြစ်လာစရာရှိတယ်ဆိုရင် ဒါကောင်းတဲ့အ လုပ်၊ ကောင်းတဲ့ဝါသနာပဲပေါ့။ ရေရှည်မွေးမြူ ထားသင့်တယ်ပေါ့။ မကောင်းတဲ့ဝါသနာ ကတော့ သူနဲ့ပြောင်းပြန်ပေါ့။ မြန်နိုင်သမျှ မြန်မြန်ဖျောက်ရမယ်ပေါ့။ သားအနေနဲ့ ၀ါ သနာတစ်ခုခုကိုတော့ စွဲစွဲမြဲမြဲမွေးမြူထား သင့်တယ်။ ကိုယ်လုပ်ချင်တာလေးတွေ လုပ် နေရမှ ဘဝက ပိုပြီးပျော်စရာကောင်းတာလေ။
ဒီရက်ပိုင်းမှာ သားအနေနဲ့ ကိုယ်လက် လှုပ်ရှားမှုလေ့ကျင့်ခန်းလေးတွေ လုပ်လာတာ တွေ့ရတယ်။ ဒါကောင်းတဲ့အလေ့အကျင့်ပါ။ ဖေဖေ့ထက်သာသွားပြီလို ့ပြောရမယ်။ ဖေဖေ ဆို လေ့ကျင့်ခန်းရယ်လို့ တကူးတကမလုပ် ဖြစ်ဘူး။ အထိုင်လည်းများတယ်။ ဒါ့ကြောင့် ကျောက်ကပ်မှာ ကျောက်တည်တာ ခဏခဏ ဖြစ်တယ်။ အခုနောက်ပိုင်းဆို ဆက်တိုက်ဖြစ် နေတယ်။ သားက လေ့ကျင့်ခန်း ပုံမှန်လုပ် နိုင်ရင် ပိုကောင်းတာပေါ့။ ကျန်းမာရေးကိုအများကြီးအထောက်အကူပြုလိမ့်မယ်။ တခြားအရာတွေဘယ်လောက်ပဲ ပြည့်စုံပြည့် စုံ မကျန်းမာတဲ့သူတစ်ယောက်က ပျော်နိုင်မှာ မဟုတ်ဘူး။ ကျန်းမာအောင်နေမယ်၊ ပျော် အောင်နေမယ်။ ရည်မှန်းချက်လေးတွေကို အကောင်အထည်ဖော်မယ်။ ဒါအရေးအကြီး ဆုံးပါပဲ။
ဘဝမှာ အခက်အခဲ၊ အကျပ်အတည်း တွေရှိပေမဲ့ ပျော်အောင်နေနိုင်ဖို့ ကြိုးစားရမှာပါ။ အဓိကကတော့ စိတ်ကိုထားတတ် အောင်ကြိုးစားရမှာပေါ့။ အခက်အခဲတွေ ကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်အဆင်းရဲမခံဖို့ လိုတယ်။ ဘာအခက်အခဲမှမရှိတဲ့အခြေအ နေ၊ အချိန်အခါကို ရောက်လာလေဦးမလား လို့တော့ မျှော်မနေနဲ့။ ဘယ်တော့မှ ရောက် လာမှာမဟုတ်ပါဘူး။ အခက်အခဲက အမြဲကြုံ နေရမှာပဲ။ ကြုံလာတဲ့အခက်အခဲတွေကို ဖြေ ရှင်းနိုင်ဖို့သာအရေးကြီးတာ။ ရင်ဆ ိုင်ဖြေရှင်း နိုင်တဲ့ အရည်အချင်းကောင်းတွေရှိအောင် ကြိုးစားနေဖို့သာ အရေးကြီးတာပေါ့။
ပျော်ပျော်နေနိုင်ဖို့အတွက် ပျော်ရွှင်မှုကို အဟန့်အတားဖြစ်စေတဲ့အရာတွေကို ရှောင် နိုင်ဖို့လိုတယ်။ အရင်ဆုံးရှောင်သင့်တဲ့ အချက်တစ်ချက်ကတော့ နေရာတကာမှာ သူများနဲ့လိုက်နှိုင်းယှဉ်တဲ့ကိစ္စပဲ။ သူက ဂုဏ် ထူးနဲ့အောင်တယ်၊ ငါကရိုးရိုးပဲအောင်တယ်။ သူကပထမရတယ်၊ ငါကတတိယပဲ ရတယ်။ သူက အသားဖြူတယ်၊ ငါကျတော့မည်းတယ် စသည်အားဖြင့် သူများတွေနဲ့အမြဲနှိုင်းယှဉ်ပြီးတွေးနေရင် သိပ်ပျော်နိုင်မှာမဟုတ်ဘူး။ ကိုယ်နေရတဲ့ပတ်ဝန်းကျင်ကလေးထဲမှာ လူအတော်များများထက်ကိုယ်က သာနေလို့ လက်ရှိအချိန်မှာ ဒီလိုနှိုင်းယှဉ်တွေးတော ရတာ စိတ်ချမ်းသာနေတယ်ဆိုဦးတော့ တစ် ချိန်ချိန်မှာတော့ ကိုယ့်ထက်သာတဲ့သူတွေနဲ့ ကြုံရမှာပဲ။ ကြုံရမှာမှ အများကြီးကိုကြုံရဦး မှာ။ ဒီနေရာမှာကိုယ်က သာပေမဲ့ ဟိုနေရာ ကျတော့ သူကသာပြန်ရောဆိုတာမျိုး။ အမြဲ အသာရနေမှပျော်မယ်ဆို ပျော်နိုင်ဖို့ မလွယ် ဘူးပေါ့။ သူများထက်သာဖို့၊ မသာဖို့ထက် ကိုယ်လျှောက်တဲ့လမ်း ဖြောင့်ဖြောင့်တန်း တန်း လျှောက်နေနိုင်ဖို့၊ တစ်ချိန်ချိန်မှာကိုယ့် ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့သာ အရေး ကြီးတာပါ။
သူများတွေနဲ့ယှဉ်ယှဉ်ကြည့်နေတဲ့အတွေးကိုမတွေးတော့ဘူးဆိုရင် စိတ်ဆင်းရဲမှု တွေ အတော်လေး လျော့သွားမှာပါ။ နှိုင်းယှဉ် ပြီး မတွေးဘဲနေနိုင်ဖို့တော့မလွယ်ဘူးပေါ့။ ပတ်ဝန်းကျင်နဲ့နေကြရတာကိုး။ ဘာပဲဖြစ်ဖြစ် တတ်နိုင်သမျှ လျှော့နိုင်အောင်ကြိုးစားရမှာပေါ့။ လျှော့နိုင်ရင် ကိုယ့်အတွက်အဆင်ပြေ မှာပေါ့။
သားကိုပျော်ပျော်နေစေချင်ပါတယ်။ အရာရာတိုင်းကိုလိုက်ပြီး ကန့်သတ်ချုပ်ချယ် မနေချင်ဘူး။ အမြဲတမ်းကောင်းတာ၊ မှန်တာ တွေချည်းပဲ လုပ်နေရမယ်လို့ အတင်းအကျပ် မတိုက်တွန်းဘူး။ မှန်တာတွေကိုပဲ လုပ်စေချင် တဲ့အတွေးတော့ ရှိတာပေါ့။ ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူးလေ။ လက်တွေ့မကျဘူး။ မှား တာတွေလည်း ရှိမှာပေါ့။ မှားပါစေ ပြဿနာ မရှိဘူး။ တစ်ခုပဲ သတိထားစရာရှိတယ်။ တချို့အမှားတွေက ပြန်ပြင်ဖို့၊ ပြန်ကုစားဖို့ လွယ်ပြီး တချို့ကျတော့ ပြန်ပြင်ဖို့အတော်ကို ခက်တယ်။ မဖြစ်နိုင်တာတွေလည်းရှိတယ်။ ခဲတံနဲ့ရေးတဲ့ စာလုံးနဲ့ ဖောင်တိန်နဲ့ရေးတဲ့ စာလုံး ကွာသလိုပေါ့။ ခဲတံနဲ့ရေးတာကတော့ မှားသွားရင် ခဲဖျက်ကလေးနဲ့ပြန်ဖျက်ပြီး ပြင် ရေးလိုက်ရုံပဲ။ ဘာမှမခက်ဘူး။ ဖောင်တိန်နဲ့ ရေးထားတဲ့ စာလုံးကျတော့ ပြန်ဖျက်ဖို့ခက် သွားပြီ။ ဃသမမနခအငသည ဏနည တွေရှိတယ်ဆိုပေမဲ့ ဘယ်လိုပဲဖျက်ဖျက် နဂိုအတိုင်းပြန်မဖြစ်နိုင် တော့ဘူး။ ပြန်ပြင်လို့မရနိုင်တဲ့ အမှားကြီး မျိုးတွေ မမှားမိအောင်တော့ သတိထားရမှာ ပေါ့။ အမှားကြီးတွေ ကျူးလွန်မိသွားရင် ပျော်နိုင်တော့မှာမဟုတ်တော့ဘူး။
ပြောတာတွေလည်း များသွားပြီ။ လိုရင်း ကိုပြန်ချုပ်ရရင်တော့ ပျော်ပျော်နေ၊ ကျန်းမာ အောင်နေ၊ စိတ်ညစ်စရာတွေ သိပ်မတွေးနဲ့၊ စိတ်ချမ်းသာစရာတွေကို များများတွေး၊ ၀ါသ နာတစ်ခုခုမွေး၊ တတ်နိုင်သမျှကောင်း အောင်ကြိုးစား ဒီလောက်ပါပဲ။ ဘဝရီးကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် လျှောက်နိုင်ဖို့ ကြိုးစားကြည့်ကြတာပေါ့ကွယ်။















