နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ လက်ရွေးစင်အသင်းအတွက် ဂိုး(၆၀) အမြန်ဆုံးပြည့်တဲ့ကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။
ဟာလန်းက အိုင်ဗရီကို့စ်ကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား(၃၂)သင်းအဆင့်ပွဲစဉ်မှာ တစ်ဂိုးသွင်းခဲ့တာကြောင့် လက်ရွေးစင်ကစားသမားဘဝ ဂိုး(၆၀) ပြည့်သွားခဲ့တာပါ။
ဟာလန်းက ဂိုး(၆၀)သွင်းယူနိုင်ဖို့ (၅၃)ပွဲသာ ကစားခဲ့ရတာကြောင့် ပွဲအနည်းဆုံးနဲ့ အမြန်ဆုံး ဂိုး(၆၀)ပြည့်တဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ ဟာလန်းနဲ့ ခေတ်ပြိုင်တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရတဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေက လက်ရွေးစင်သွင်းဂိုး(၆၀)ပြည့်ဖို့ (၁၀၁)ပွဲ ကစားခဲ့ရကြောင်းလည်း သိရပါတယ်။
ဟာလန်းဟာ နော်ဝေအသင်းအတွက် နောက်ဆုံး(၁၃)ပွဲမှာ (၂၅)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်ပြီး နော်ဝေနည်းပြက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။
ဟာလန်းက ပထမဆုံးအကြိမ် ပွဲထွက်ယှဉ်ပြိုင်ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း (၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး နော်ဝေကစားသမားတွေထဲမှာ ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံးအဖြစ်လည်း ရပ်တည်နေပါတယ်။
ဟာလန်းက ပြင်သစ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ ပါဝင်ကစားခဲ့ခြင်းမရှိဘဲ ကျန်တဲ့(၃)ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
လက်ရွေးစင်အသင်းအတွက် ဂိုး(၆၀)အမြန်ဆုံးပြည့်တဲ့ကစားသမားအဖြစ် ဟာလန်း စံချိန်တင်
Most Read
Most Recent
3 hours ago
6 hours ago















