သီရိလင်္ကာတွင် စက်သုံးဆီစျေးနှုန်းများကို ခြောက်ရာခိုင်နှုန်းအထိ လျှော့ချ

သီရိလင်္ကာတွင် စက်သုံးဆီစျေးနှုန်းများကို ခြောက်ရာခိုင်နှုန်းအထိ လျှော့ချ
Published 30 June 2026
Ref;AFP

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် သီရိလင်္ကာနိုင်ငံတွင် စွမ်းအင်စျေးနှုန်းများ မြင့်တက်ခဲ့ပြီးနောက် ဇွန် ၂၈ ရက်တွင် ပထမဆုံးအကြိမ်အဖြစ်  စက်သုံးဆီစျေးနှုန်းများကို ခြောက်ရာခိုင်နှုန်းအထိ လျှော့ချခဲ့သည်။

နိုင်ငံပိုင် စက်သုံးဆီကော်ပိုရေးရှင်းက ဒီဇယ်တစ်လီတာလျှင် ၂၅ ရူပီး လျှော့ချပြီး ၃၈၂ ရူပီး (၁ ဒသမ ၁၅ ဒေါ်လာ) သို့လည်းကောင်း ဓာတ်ဆီတစ်လီတာလျှင် ၂၀ ရူပီး လျှော့ချပြီး ၄၁၄ ရူပီးသို့လည်းကောင်း သတ်မှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နှင့် အီရန်ကြားဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးသတ်ရန် ဆွေးနွေးပွဲများ ပြုလုပ်ရန် သဘောတူညီခဲ့ကြပြီးနောက်၊ နိုင်ငံတကာစွမ်းအင်စျေးနှုန်းများ သိသိသာသာ ကျဆင်းလာခဲ့ချိန်တွင် ယခုကဲ့သို့ စက်သုံးဆီစျေးနှုန်းများကို လျှော့ချပေးခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြားစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် သီရိလင်္ကာသည် ဓာတ်ဆီနှင့် ဒီဇယ်စျေးနှုန်းများကို ၅၀ ရာခိုင်နှုန်းနီးပါးအထိ မြှင့်တင်ခဲ့သည်။

အာဏာပိုင်များအနေဖြင့် မြင့်တက်လာသော သွင်းကုန်စရိတ်များကို ကာမိစေရန် လျှပ်စစ်မီတာခများကိုလည်း သုံးပုံတစ်ပုံခန့် တိုးမြှင့်ခဲ့သည်။

ပြည်တွင်းတွင် အသုံးပြုရန်လိုအပ်သော ရေနံအားလုံးကို ပြည်ပမှ ဝယ်ယူနေရပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် ကျောက်မီးသွေးတင်သွင်းမှုအပေါ် မှီခိုနေရသည့် သီရိလင်္ကာနိုင်ငံက အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ ရေရှည်ဖြစ်ပွားနေပါက မိမိတို့နိုင်ငံ၏ မရေရာသေးသော စီးပွားရေး ပြန်လည်ဦးမော့လာမှုကို ခြိမ်းခြောက်နိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။

စွမ်းအင်စျေးနှုန်းများ ဆက်တိုက်မြင့်တက်နေခြင်းသည် နိုင်ငံ၏ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းမှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းမှုများကို ထိခိုက်ပျက်ပြားစေနိုင်ကြောင်း သီရိလင်္ကာအစိုးရက နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို ပြောကြားခဲ့သည်။

IMF သည် ၂၀၂၃ ခုနှစ် မတ်လက သီရိလင်္ကာနိုင်ငံကို ဒေါ်လာ ၂ ဒသမ ၉ ဘီလျံတန်ဖိုးရှိ ချေးငွေကိုခွင့်ပြုပေးခဲ့သည်။

IMF ၏ကျောထောက်နောက်ခံပြုထားသည့် ပြုပြင်ပြောင်းလဲရေးအစီအစဉ်အရ သီရိလင်္ကာနိုင်ငံသည် စက်သုံးဆီနှင့် လျှပ်စစ်ဓာတ်အားခနှုန်းထားများတွင် ကုန်ကျစရိတ်များကို ပြန်လည်ရရှိစေရန် ဆောင်ရွက်ရမည့် အပြင်၊ ပြည်သူ့ဘဏ္ဍာရေးကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် ထောက်ပံ့ကြေးများကိုလည်း ကန့်သတ်ရန် လိုအပ်သည်။

သီရိလင်္ကာနိုင်ငံသည် နိုင်ငံခြားသုံးငွေ ပြတ်လပ်သွားပြီးနောက် ၂၀၂၂ ခုနှစ်တွင် နိုင်ငံခြားကြွေးမြီ ဒေါ်လာ ၄၆ ဘီလျံကို ပြန်မဆပ်နိုင်ခဲ့ဘဲ IMF ၏ ချေးငွေကို မှီခိုခဲ့ရသည်။                                               

 

Most Read

Most Recent