ဘုရားဆုံးဆူမြို့တွင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ ဗိုလ်မှူးစောအေးကျော်ကျော် ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံး

ဘုရားဆုံးဆူမြို့တွင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ ဗိုလ်မှူးစောအေးကျော်ကျော် ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံး
Published 29 June 2026

မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) မှ ဗိုလ်မှူးစောအေးကျော်ကျော် ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၂၇) ရက်နေ့ နံနက် (၇) နာရီဝန်းကျင်အချိန်က ဘုရားသုံးဆူမြို့၊ ဥဒေါင်းကန်အပိုင်းတွင် DKBA မှ ဗိုလ်မှူးစောအေးကျော်ကျော် နှင့် အမျိုးသမီးတစ်ဦး မော်တော်ဆိုင်ကယ်စီးလာစဉ် သေနတ်သမားတစ်ဦးမှ သေနတ်နှင့် (၆) ချက်ပစ်ခတ်ခဲ့ကြောင်းနှင့် ဗိုလ်မှူးစောအေးကျော်ကျော်မှာ သေနတ်ဒဏ်ရာများဖြင့် အခင်းဖြစ်ရာနေရာ၌သေဆုံးခဲ့ပြီး၊ ၎င်းနှင့်အတူ ပါလာသည့် အမျိုးသမီးမှာ ပေါင်တွင် သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အစောပိုင်းကတော့ သေနတ်နဲ့ပစ်ခတ်ခံရတာ ဘယ်သူမှန်းမသိကြဘူး။ နောက်မှ DKBA က ဗိုလ်မှူးစောအေးကျော်ကျော် လို့သိကြရတာပါ” ဟုပြောကြားသည်။

လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံ လှုပ်ရှားနေသည့် ဘုရားသုံးဆူမြို့တွင် DKBA မှ ဗိုလ်မှူးစောအေးကျော်ကျော် အားမည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ကြံပစ်ခတ်ခဲ့သည်ကို မသိရသေးကြောင်း ၎င်းဒေသခံကဆိုသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့၊ ဘုရားသုံးဆူမြို့အား ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA အဖွဲ့မှ ဦးစီးကာ မြို့လုံခြုံရေးအားဆောင်ရွက်နေကြောင်းနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA – (PC) ၊ ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် မွန်ပြည်သစ်ပါတီ (NMSP) စသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း ရှိသည့်အပြင် အခြားသောလက်နက်ကိုင်အဖွဲ့များလည်းရှိကြောင်း မြို့ခံများထံမှ သိရသည်။

Most Read

Most Recent