ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြစီမံကိန်းများ ဖော်ဆောင်ရန်အတွက် အစီအစဉ် ရေးဆွဲနေဆဲဖြစ်ပြီး ပြည်ထောင်စုအဆင့်မှ လမ်းညွှန်မှုရရှိပါက နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် မြေကွက်များ ချထားပေးရန် ဆောင်ရွက်ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။
ယနေ့ (ဇွန် ၂၉) တွင် ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး နဝမနေ့အစီအစဉ်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးသော်တာက ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ၊ လုပ်သက် အနှစ် (၃၀) နှစ်အထက်နှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အငြိမ်းစားယူသော နိုင်ငံ့ဝန်ထမ်းများအား မြေကွက်များ ချထားပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းမှုနှင့်ပတ်သက်၍ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ထိုသို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင်မူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်းထမ်းများအတွက် မြေကွက်များ ချထားပေးရန် အစီအစဉ်မရှိသေးကြောင်းလည်း စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။
"ကျွန်တော်တို့က အစိုးရသစ်ရဲ့ အစပိုင်းကာလဖြစ်နေတယ်။ မြို့ပြစီမံကိန်းများ ဖော်ဆောင်ဖို့အတွက်ကို ဒီအစီအစဉ်တွေကို စီစဉ်ဆောင်ရွက်ဖို့အတွက် စပြီးတော့ ဆောင်ရွက်နေတဲ့ ဒီစီမံကိန်း Project တွေကို စဖို့အတွက် အစီအစဉ်ရေးဆွဲနေတဲ့ ကာလပဲရှိပါသေးတယ်။ အဲ့ဒီတော့ အစီအစဉ်ရေးဆွဲပြီးရင်လည်း ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြို့ပြမြေစီမံခန့်ခွဲမှုဆိုတာ ပြည်ထောင်စုရဲ့ လမ်းညွှန်မှုကို ခံယူပြီးတော့မှ ကျွန်တော်တို့က ပြည်ထောင်စုအဆင့်ကနေ လမ်းညွန်မှုပေးတော့မှ တိုင်းဒေသကြီးအဆင့်က ဆောင်ရွက်ရတာဖြစ်ပါတယ်။ ကျွန်တော်တို့က လက်ရှိ ဒီစီမံကိန်းကို ရေးဆွဲဖို့ စီစဉ်နေတုန်းပဲရှိပါသေးတယ်။ အဲ့ဒီတော့ ဒီအဆင့်တွေပြီးမှ ကျွန်တော်တို့က ခုနကပြောတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးတဲ့ ဝန်ထမ်းတွေ၊ အငြိမ်းစားဝန်ထမ်းတွေကို ကျွန်တော်တို့က စီစဉ်ပေးလို့ ဆောင်ရွက်ပေးလို့ရမှာဖြစ်ပါတယ်။ လက်ရှိအခြအနေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လက်ရှိအခြေအနေမှာတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးတဲ့ ဝန်ထမ်းတွေ၊ အငြိမ်းစားဝန်ထမ်းတွေကို အခုလက်ရှိချပေဖို့ဆိုတာ အစီအစဉ်မရှိသေးဘူးဆိုတာ ကျွန်တော်က ဖြေကြားခြင်းဖြစ်ပါတယ်။ အကယ်၍ ခုနက ကျွန်တော်ပြောတဲ့ စီမံကိန်းတွေ ကျွန်တော်တို့ ဆွဲလို့ရပြီ ပြည်ထောင်စုကိုလည်း တင်ပြဖို့ရလို့ လမ်းညွှန်မှု ရပြီဆိုတာနဲ့ အဲ့ဒီအချိန်မှာ စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်"ဟု စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။
၂၀၂၁ အခင်းအကျင်းကာလအတွင်း CDM မလုပ်သော နိုင်ငံ့ဝန်ထမ်းများသည် Social Punishment လုပ်ခြင်းခံရကာ ဖိအားပေးအကြပ်ကိုင်မှုများရှိသော်လည်း မိမိတို့၏ လုပ်ငန်းတာဝန်များကို ရှိသောလူအင်အားဖြင့် မလစ်ဟင်းစေရန် ကြံ့ကြံ့ခံ၍ ကျေပွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြပါကြောင်း မေးခွန်းရှင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးသော်တာက မေးခွန်းတွင် ပြောကြားသည်။
ထို့ပြင် အချို့သောဝန်ထမ်းများသည် ဝန်ထမ်းဘဝလုပ်သက် အနှစ် ၃၀ ကျော်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော်လည်း နေထိုင်ရန်အတွက် နိုင်ငံတော်မှ ပေးအပ်သည့် မြေကွက်တစ်ကွက် (သို့မဟုတ်) တန်ဖိုးနည်းအိမ်ယာအခွင့်အရေး တစ်ကြိမ်တစ်ခါမျှ ရရှိခဲ့ဖူးခြင်းမရှိကြောင်း ၎င်းက မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။















