ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် လင်မယားချင်း စကားများရန်ဖြစ်ပြီး အဝတ်အစားများကို မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားပြီး နေအိမ်နှစ််လုံး မီးလောင်ဆုံးရှုံးကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၈ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၂၀ ခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အောက်မော်ဖောင်း ကျေးရွာ၊ နယ်မြေ (၁)၊ အောင်မော်ဇံဘုန်းကြီးကျောင်း လမ်းရှိ နေအိမ်တစ်လုံးတွင် လင်မယား နှစ်ဦး စကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူမှ အဝတ်အစားများကို မီးရှို့ရာမှတဆင့် အနီးရှိ ထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အကျယ် (၃၂ x ၂၄)ပေ၊ သွပ်မိုး၊ ထရံကာ၊ သမံတလင်းခင်း (၁) ထပ် လူနေအိမ် တစ်လုံးနှင့် အနီးရှိ အကျယ် (၃၀ x ၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ သမံတလင်းခင်း (၁)ထပ် လူနေအိမ် တစ်လုံး၊ စုစုပေါင်း လူနေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုသည့်နေရာသို့ မြစ်ကြီးနားခရိုင်/မြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ဝင်များ၊လေတပ်မှ တပ်မတော်သားများမှ မီးငြိမ်း သတ်ယာဉ် ငြိမ်းသတ်ခဲ့ရာ မိနစ် ၂၀ အကြာတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မီးရှို့ခဲ့သူ အသက် (၄၀)အရွယ် ဦးလတောင်အား မြစ်ကြီးနားနယ်မြေရဲစခန်းမှ (ပ) ၈၀/၂၀၂၆၊ ပြစ်မှု ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် အရေးယူနိုင်ရေးထားကြောင်းသိရသည်။















