ထိုင်းနိုင်ငံ၊ ပတ္တယားတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းကို ရထားလမ်းဘေး ခရီးဆောင်အိတ်တစ်လုံးအတွင်း ရှာဖွေတွေ့ရှိခဲ့မှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဩစတြေးလျအမျိုးသားတစ်ဦးကို ဖမ်းဆီးကာ လူသတ်မှုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါလူသတ်မှုနှင့် စပ်လျဉ်းပြီး သံသယရှိသူ အသက် ၄၀ ကျော်အရွယ် ဩစတြေးလျနိုင်ငံသားကို ဇွန် ၂၇ ရက်နံနက်အစောပိုင်းက ဘန်ကောက်ရှိ သုဝဏ္ဏဘူမိလေဆိပ်တွင် ဖမ်းဆီးရမိခဲ့သည်။
ဆိုင်မွန် ပီတာကာမန် ဆိုသူဖြစ်ပြီး ၎င်းကို လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု သို့မဟုတ် ဖျက်ဆီးမှုတို့အပြင် လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်ဖြင့် အရွယ်မရောက်သေးသူအား ခေါ်ဆောင်မှုစသည့် ပြစ်မှုဆိုင်ရာစွဲချက်များ စွဲဆိုထားသည်။
ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကိုစစ်ဆေးရာ တရားခံသည် အဆိုပါ မိန်းကလေးနှင့်အတူ ကွန်ဒိုမီနီယံတစ်ခုထဲသို့ ဝင်ရောက်သွားပြီးနောက် နာရီအနည်းငယ်အကြာတွင် ခရီးဆောင်အိတ်တစ်လုံးကို သယ်ကာ တစ်ဦးတည်း ပြန်ထွက်လာသည်ကို တွေ့ခဲ့ရသည်။ ထို့နောက် ၎င်းသည် ခရီးဆောင်အိတ်ကို ဆိုင်ကယ်ပေါ်တင်၍ ရထားလမ်းအနီးရှိ မြက်တောရှိရာသို့ မောင်းသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
၎င်းကို ဖမ်းဝရမ်းထုတ်ကာ ဩစတြေးလျသို့ ပြန်ရန် လေယာဉ်ပေါ်တက်လုဆဲဆဲ လေဆိပ်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ တရားခံက သေဆုံးသူမိန်းကလေး၏ မိသားစုထံ "ခင်ဗျားတို့သမီး ခုလိုဖြစ်သွားတဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ အခြေအနေက လက်လွန်သွားလို့ပါ" ဟု ဝန်ခံခဲ့သည်။















