EAO များကို ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်ဖိတ်​ခေါ်​ကြောင်းနှင့် အမှန်တကယ်ငြိမ်းချမ်းရေးလိုချင်ပါက ရောက်လာလိမ့်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး မလိုချင်ပါက အကြောင်းပြ အချိန်ဆွဲမည်ဖြစ်​ကြောင်း နိုင်ငံ​တော်သမ္မတ ​​ပြောကြား

EAO များကို ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်ဖိတ်​ခေါ်​ကြောင်းနှင့် အမှန်တကယ်ငြိမ်းချမ်းရေးလိုချင်ပါက ရောက်လာလိမ့်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး မလိုချင်ပါက အကြောင်းပြ အချိန်ဆွဲမည်ဖြစ်​ကြောင်း နိုင်ငံ​တော်သမ္မတ ​​ပြောကြား
Published 26 June 2026

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO) များကို ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်ဖိတ်​ခေါ်​ကြောင်းနှင့် အမှန်တကယ်ငြိမ်းချမ်းရေးလိုချင်ပါက ရောက်လာလိမ့်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး မလိုချင်ပါက အကြောင်းပြ အချိန်ဆွဲမည်ဖြစ်​ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ​​ပြောကြားသည်။

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည် ဖော်ရေးဗဟိုကော်မတီအစည်းအဝေးကို ယနေ့(ဇွန် ၂၆ ရက်)မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ရုံးတော်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် အမှာစကား​​ပြောကြားရာ၌ နိုင်ငံ​တော်သမ္မတကထိုသို့ ထည့်သွင်း​ပြောကြားခြင်းဖြစ်သည်။

နိုင်ငံ​တော်သမ္မတက“ကွာဟမှုရှိနေတဲ့နယ်မြေတွေ ကွာဟမှုမရှိအောင် လုပ်ပေးဖို့ ဒါကတော့ ကျွန်တော်တို့ မလွဲမသွေ ဆောင်ရွက်မယ့် လုပ်ငန်းတာဝန်တစ်ခု ဖြစ်တယ်ဆိုတာကို ကျွန်တော် ပြောချင်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင်လည်း တည်ငြိမ်အေးချမ်းရေးက အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရသစ်တာဝန်ယူတဲ့အချိန်မှာ ကျွန်တော့်တိုင်းပြည်ငြိမ်းချမ်းအောင်လုပ်မယ်။ ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်။ ကျွန်တော် ငါးနှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်မယ်လို့ ကျွန်တော်ပြောခဲ့တယ်။ ရက်ပေါင်း ၁၀၀ နဲ့ပတ်သက်ပြီး ကျွန်တော်ပြောတဲ့အချိန်မှာ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေလုပ်ခဲ့ပါတယ်။ အခုလည်း ထပ်ပြောချင်ပါတယ်။ ကျွန်တော်တို့အစိုးရ ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ။ တိုင်းရင်းသားလက်နက် ကိုင် ဘယ်အဖွဲ့အစည်းမဆို ဘာကြိုတင်ကန့်သတ်ချက်မှမထားဘူး။ ငြိမ်းချမ်းရေးအတွက်လာပြီးဆွေးနွေးဖို့ ကျွန်တော် ဖိတ်ခေါ်ပါတယ်။ ဒါကိုထပ်ပြီးတော့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့က ရက်ပေါင်း ၁၀၀ စီမံချက်ထဲမှာ ထည့်ထားတာ။ ရက်ပေါင်း ၁၀၀ အတွင်းမှာ ကျွန်တော်တို့ အကောင်အထည်ဖော်ဖို့ ပြောထားတာ။ သို့သော်လည်းပဲ တချို့ကျတော့လည်း ဒါကိုကြိုတင်ကန့်သတ်ချက်မရှိဘူးဆိုပြီးတော့ ရက် ၁၀၀ လို့ ပြောထားတယ် ဆိုပြီးတော့ ပြောကြတာ။ ရက် ၁၀၀ အတွင်းမှာ ဒါလုပ်တဲ့အတွက်ကြောင့် ဒါလည်း Precaution လို့ ယူဆ၊ စကားကို ပေါက်ပေါက်ရှာရှာပြောတယ်။ ဒါ ကပ်ပြီးတော့လုပ်တာ။ တကယ်ငြိမ်းချမ်းရေး လိုချင်ရင် ဒီနေ့ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ရောက်လာ လိမ့်မယ်။ ငြိမ်းချမ်းရေး မလိုချင်ရင်တော့ အကြောင်းပြပြီးတော့ အချိန်ဆွဲမှာ။ ကျွန်တော်ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ပါတယ်၊ လာပါ၊ ပြုပါဆိုတာ ကျွန်တော်တို့လုပ်လို့ရတယ်။ တကယ်လည်း ကျွန်တော်လုပ်ချင်ပါတယ်။ အခု ကျွန်တော်ရတဲ့ Channel တိုင်းကနေ ကျွန်တော် ရအောင် ကြိုးစားတယ်။ ကျွန်တော် ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ရဖို့ဆိုရင် ဘာပဲ ဘယ်လောက် ကုန်ကုန် ငါလုပ်မယ်လို့ ပြောတယ်။ တိုင်းပြည်ကို ကောင်းစေချင်တယ်။ ကျွန်တော်တို့ နောက်ကျကျန်ခဲ့တယ်ဗျ။ ဒါစဉ်းစားကြည့်ပါ။ ကျွန်တော်တို့မှာ ခြေလှမ်းရှေ့တိုးတယ်ဆိုမှ အချုပ်အနှောင်နဲ့ ချုပ်နှောင်ထားတဲ့ ခြေလှမ်းနဲ့ရှေ့တိုးနေရတာ။ တကယ်တော့ မရောက်ဘူး။ ခုနအချုပ်အနှောင်ဆိုတာ ပြဿနာတွေနဲ့ ချုပ်နှောင်ထားတာ။ အခက်အခဲတွေနဲ့ ချုပ်နှောင်ထားတာ။ ကျွန်တော်တို့မှာ လွတ်လွတ်လပ်လပ်မရှိဘူး။ ပြောရရင်တော့ဗျာ မြင်းဇောင်းထဲက ထွက်လာတဲ့ မြင်းလို တစ်ခါထဲဝုန်းဝုန်းဝုန်းဆိုပြီး ထွက်သွားချင်တာ။ ဒီလိုသွားချင်တာ။ အခုကမသွားနိုင်ဘူး။ အတားအဆီးတွေ ရှိနေတယ်။ အဲဒီအတားအဆီးတွေက ပဋိပက္ခတွေပါ။ နိုင်ငံရေးပဋိပက္ခ၊လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတယ်။ ကျွန်တော်တို့က ဒါကိုပြတ်အောင်၊ ရှင်းအောင် လုပ်ဖို့လိုတယ်။ ဒါကြောင့် ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကျွန်တော်တို့ ပြောချင်ပါတယ်၊ EAO များကို ကျွန်တော်ပြောချင်တယ်။ တကယ် ငြိမ်းချမ်းရေး လိုချင်ရင် လာခဲ့ပါ။ ဘာကြိုတင်သတ်မှတ်ချက်မှ မရှိဘဲ ကျွန်တော်တို့ ဆွေးနွေးမယ်” ဟုပြောကြားသည်။

ထို့ပြင် ပြည်သူလူထု၏ တောင်းဆိုချက်တွင် လူမှုစီးပွားဘဝများ တိုးတက်လိုကြကြောင်း၊ လူများသည် ရေကြည်ရာ မြက်နုရာကို ရှာဖွေကြသဖြင့် မိမိတို့ဒေသတွင် အလုပ်အကိုင်များရရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်မည်ဆိုပါက အခြားနေရာများသို့ သွားရောက်နေထိုင်မှုများ နည်းပါးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားများ၏ ဆူကြုံနိမ့်မြင့်ကွာခြားမှုများကို နည်းပါးအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ အဆိုပါဒေသများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ပေးရန်မဖြစ်မနေ လိုအပ်ကြောင်း၊ တစ်ဖက်မှငြိမ်းချမ်းရေးကိုဖိတ်ခေါ်ဆောင်ရွက်ပြီး တစ်ဖက်မှလည်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အဆိုပါဒေသများတွင် အားနည်းချက်များရှိနေသည့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ မြှင့်တင်နိုင်သည့် လူ့စွမ်းအားအရင်းမြစ်များရှိ လာရန်လို ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လမ်းပန်းဆက်သွယ်မှုများနှင့် ဆက်သွယ်မှုများလည်း ယခုထက်ပိုမိုကောင်းမွန်လာအောင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာ ရေးနှင့် ကျန်းမာရေးအတွက်လိုအပ်သည့် လူသားအရင်းအမြစ်များရောက်ရှိစေရေးအတွက် ပြည်ထောင်စုမှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် သက်ဆိုင်ရာကဏ္ဍများအလိုက်လည်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလိုက် ထိထိရောက်ရောက် တိုးတက်မှုရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အသိပညာများတိုးတက်အောင်၊ ကျန်းမာရေးကောင်းမွန်အောင်ဖြည့်ဆည်းဆောင်ရွက် ပေးကြရန်လိုကြောင်း၊ ဒေသအလိုက် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ပြီး စားသောက်ကုန်များဖူလုံအောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

နယ်စပ်ဒေသအများစုသည် သွားလာရန်ခက်ခဲခြင်း၊ ဆက်သွယ်မှုခက်ခဲခြင်း၊ တောတောင်ထူထပ်သည့်နေရာ၊ မြစ်ချောင်းအင်းအိုင်ပေါများသည့် ဒေသများ၊ လူဦးရေနည်းပါးသည့်နယ်မြေ၊ ဘာသာစကားကွဲပြားသည့်နေရာများဖြင့် နိုင်ငံ့ဝန်ထမ်းများ အရောက်အပေါက်နည်းပါးသည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် အဘက်ဘက်မှဖွံ့ဖြိုးတိုးတက်မှုအားနည်းခဲ့ပြီး အဆိုပါအခက်အခဲများကို လက်နက်ကိုင်ပဋိပက္ခများကြောင့် အဆင်ပြေအောင်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ၁၉၈၈ ခုနှစ် နိုင်ငံရေးပဋိပက္ခဖြစ်ပွားချိန်တွင် နိုင်ငံတော်အစိုးရက ထိန်းကျောင်းနိုင်မှုမရှိတော့သဖြင့် တပ်မတော်မှနိုင်ငံတော်တာဝန်ကို မလွဲသာမရှောင်သာ ဝင်ရောက်ထိန်းသိမ်းထမ်းဆောင်ခဲ့ရသည်ကို သမိုင်းမှတ်တမ်းများတွင်တွေ့မြင်နိုင်ကြောင်း၊ တပ်မတော်မှ တာဝန်ယူပြီးနောက်ပိုင်းတွင် ပြည်သူလူထုတောင်းဆိုသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန် ဆောင်ရွက်ပေးမည်ဟု ကတိပြုပြောကြားခဲ့ပြီးတိုင်းရင်းသားအရေးကို ဖြေရှင်းနိုင်ရန်အတွက်လည်း ၁၉၈၉ ခုနှစ်တွင် ငြိမ်းချမ်းရေးဆွေးနွေးကာ အပစ်အခပ်ရပ်စဲခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တပ်မတော်၏ကွပ်ကဲမှုအောက်တွင် နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းပကားအဖြစ်ဖွဲ့စည်းသိမ်းသွင်းဆောင်ရွက်ရန် လုပ် ဆောင်ခဲ့ရာ လက်ခံသည့်အဖွဲ့များရှိသကဲ့သို့လက်မခံသည့် အဖွဲ့များလည်းရှိကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

၂၀၁၀ ပြည့်နှစ်၊ ပထမဒီမိုကရေစီအစိုးရသက်တမ်းကာလတွင် တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးမှုများကို အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ကြောင်း၊ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နောက်တွင် ပြည်ပနိုင်ငံများနှင့် အဖွဲ့ အစည်းများက ကြိုးကိုင်ချယ်လှယ်ဆောင်ရွက်မှုများရှိသဖြင့် အခက်အခဲများအကြားမှ အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး နောက်ဆုံးတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း၊ ထိုအချိန်တွင် တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းကာလတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း၊ တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းမှုမရှိသည့် ဒေသများ၌ ဖွံ့ဖြိုးတိုးတက်မှုများနောက်ကျခဲ့ရကြောင်း၊ ဗဟိုကော်မတီအနေဖြင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး မိမိတို့သမိုင်းကို သိရှိအောင် ပြောကြားရခြင်းဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတကဆိုသည်။

ထို့အတူ မိမိတို့အစိုးရတာဝန်ယူချိန်တွင် တည်ငြိမ်အေးချမ်းသည့် ဒီမိုကရေစီနိုင်ငံတစ်ခု အဖြစ်ဆောင်ရွက်မည်၊ နိုင်ငံရေးမျှော်မှန်းချက်တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုခိုင်မာအောင်ဆောင်ရွက်မည်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့်ပြည်ထောင်စုကို တည်ဆောက်မည်ဟုပါရှိပြီးဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် အကြောင်းအမျိုးမျိုးကြောင့် နောက်ကျကျန်ခဲ့သည့် နယ်မြေများကို ဖွံ့ဖြိုးတိုးတက်မှုများ ကွာဟမှုမရှိအောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အချို့နယ်မြေများသည် အစွန်အဖျားဒေသများမဟုတ်သော်လည်း ဖွံ့ဖြိုးတိုး တက်မှုနောက်ကျနေသည့် ဒေသများလည်းရှိကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများ ဖွံဖြိုးတိုးတက်ရေးအတွက်လည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတနှင့်အတူ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့​ကြောင်း သိရသည်။

Most Read

Most Recent