တနင်္သာရီတိုင်း ထားဝယ်မြို့ မြောက်ရွာရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင််းသား ၂၁ ဦး အသက်ရှုကျပ်ကာ မူးလဲမှု ယနေ့ (ဇွန် ၂၆ ရက်) က ဖြစ်ပွားကြောင်း သိရသည်။
ဇွန် ၂၆ ရက် နေ့လယ် ၁၁ နာရီခန့်တွင် ကျောင်းစည်းကမ်းသီချင်းဆိုပြီးနောက် အခန်းထဲဝင်ရောက်စဉ် ကျောင်းသားကျောင်းသူများ သွေးပေါင်ကျကာ မူးလဲခဲ့ခြင်းဖြစ်ကြောင်း သွားရောက်ကူညီပေးသူတစ်ဦးက ပြောကြားသည်။
“နေ့လယ် ၁၁ နာရီလောက်မှာ ထမင်းစားချိန် မရောက်ခင်မှာ ကျောင်းစည်းကမ်းသီချင်းဆိုရတာပေါ့။ သီချင်းဆိုပြီး အခန်းထဲဝင်တဲ့အချိန်မှာ မနက်စာ မစားခဲ့ရတဲ့ကလေးတွေက များတယ်လေ။ အဲတော့ နေ့လယ်စာစားချိန် ရောက်ပြီဆိုတော့ ကလေးတွေက အားပျက်ပြီး သွေးပေါင်ကျ အသက်ရှုကျပ်ပြီး အောက်ဆီဂျင်ပြတ် မူးလဲတဲ့သဘောပါ။ မေ့လဲတာထိတော့ မဖြစ်ပါဘူး” ဟု ယင်းသွားရောက်ကူညီပေးသူတစ်ဦးက ပြောကြားသည်။
ထိုသို့မူးလဲရာတွင် ကျောင်းသား တစ်ဦးနှင့် ကျောင်းသူ ၂၀ ဦးဖြစ်ပြီး အားလုံးကို ဆေးရုံသို့ ပို့ဆောင်ပေးကြောင်း ၎င်းက ပြောကြားသည်။
“မူးလဲတာ ယောကျ်ားလေးက တစ်ယောက်၊ မိန်းကလေးက နှစ်ဆယ်၊ အားလုံး ၂၁ ယောက်ပါ။ ကလေးတွေကတော့ ဆိုးဆိုးဝါးဝါးတော့ မဖြစ်ပါဘူး။ သီချင်းဆိုတဲ့ အတန်းတွေကတော့ ၆ တန်းကနေ ၁၂ တန်းအထိပါ” ဟု အဆိုပါသွားရောက်ကူညီပေးသူက ပြောကြားသည်။
လက်ရှိတွင် ကျောင်းသူူငါးယောက်မှာ အိမ်ပြန်ရပြီး ကျန်ကျောင်းသား ၁၆ ယောက်မှာ ဆေးရုံတွင် တစ်ညအိပ်ရမည်ဖြစ်ကြောင်း သိရသည်။















