ပြီးခဲ့တဲ့ရက် သတ္တပတ်မှာ ISP Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင် တရုတ်နိုင်ငံမှာ အဖမ်းခံရတဲ့သတင်းဟာ လူအများကြားအတော်လေး စိတ်ဝင်စားခံရတဲ့သတင်းဖြစ်ခဲ့တယ်။ ဦးမင်းဇင် ဖမ်းခံရတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ Eleven Media ကနေ သတင်းရေးသားခဲ့တယ်။ အဲ့ဒီလိုရေးသားပြီးတဲ့နောက်ပိုင်း လူမှုကွန်ရက်စာမျက်နှာ Facebook မှာ Myo Nandar ဆိုတဲ့ အကောင့်ပိုင်ရှင်က " နိုင်ငံတကာဖြစ်စဉ်များ အပေါ် မြန်မာ့မီဒီယာအချို့၏ ရှုထောင့်နှင့် သတိပြုဖွယ် ပထဝီနိုင်ငံရေးအကွက်များ" ဆိုတဲ့ ဆောင်းပါး ဒါမှမဟုတ် သုံးသပ်ချက် ပုံစံ post တစ်ခုကို ရေးသားလာခဲ့ပါတယ်။
ကျွန်တော် လေ့လာလိုက်တော့ Myo Nandar အကောင့်ပိုင်ရှင်ဟာ ဒေါ်သက်သက်ခိုင် PPP ပါတီ ဥက္ကဌအဖြစ် တာဝန်ယူခဲ့စဉ်တုန်းက ဒေါ်သက်သက်ခိုင်ရဲ့အကြံပေးတစ်ဦး ဖြစ်ခဲ့တယ်လို့ နားလည်ရပြီး လက်ရှိချိန်မှာတော့ သူဘယ်ကရေးတယ် ဘာလုပ်တယ်ဆိုတာတော့မသိပါဘူး။ သူ့ရဲ့ရေးသားချက်တွေထဲမှာ "လူမျိုးရေး မျိုးချစ်စိတ်" ကို ခုတုံးလုပ်သည့် သွေးခွဲကွက် ဖြစ်သွားနိုင်ခြေ"၊ " သံတမန်ရေးရာ ဖိအားပေးခြင်း" “အနောက်တိုင်းအခြေပြု Eco system အသိုင်းအဝိုင်းအတူ ကာကွယ်ခြင်း” အစရှိတဲ့ အသုံးအနှုန်းတွေသုံးပြီး အစပိုင်းမှာ ဦးမင်းဇင်အဖမ်းခံရတဲ့ Eleven သတင်းကို Share ပြီး public နဲ့ သူ့ရဲ့ သုံးသပ်ချက်တွေ ရေးသား ဖြန့်ဝေခဲ့တာတွေ့ရတယ်။ နောင်ပိုင်းမှာ Share ထားတဲ့ Eleven ရဲ့ သတင်းကို သူ့ post မှာ ဖြုတ်သွားသလို စကားလုံးအချို့ကိုလည်း ပြင်ဆင်ရေးသား ခဲ့တဲ့ပုံစံလည်း တွေ့ရပါတယ်။
(သူ့ရဲ့ အစောပိုင်း ရေးသားထားတာတွေကို Screenshot မှာ ပြန်ဖော်ပြထားပါတယ်)
သူ့ရဲ့ ရေးသားချက်ထဲမှာ မြန်မာမီဒီယာအချို့လို့ သုံးနှုန်းထားပေမယ့် ကျွန်တော်တို့ Eleven Media Group ကို ဒဲ့ပြောချင်တဲ့သဘောလို့ သုံးသပ်ရပါတယ်။ဒါ့အပြင် သမ္မတရဲ့ တရုတ်ခရီးစဉ်မှာလိုက်ပါခဲ့တဲ့ Eleven က တာဝန်ရှိသူဖြစ်တဲ့ ကျွန်တော်ကိုပါ တရုတ်နိုင်ငံအနေနဲ့အထင်လွဲအောင် ကျွန်တေ ာ်တို့နဲ့ တရုတ်နိုင်ငံအကြား ခင်မင်မှုပျက်ပြားအောင် ရေးသားထားသလို ဖြစ်နေပါတယ်။
ကျွန်တော်ကလည်း ဇွန် ၁၅ ကနေ ၁၉ ထိ သမ္မတဦးမင်းအောင်လှိုင်နဲ့အတူ တရုတ်ခရီးစဉ် လိုက်ပါသွားရောက်နေလို့ သူ့ ရဲ့ Eleven နဲ့ပတ်သက်လို့ ရေးသားချက်တွေအပေါ် အခုမှ ပြန်ရှင်းပြရတာပဲ ဖြစ်ပါတယ်။
(၁)
ဒီနေရာမှာ အလျဉ်းသင့်လို့ နိုင်ငံတော်သမ္မတ ရဲ့ ခရီးစဉ်မှာ ကျွန်တော်တို့လို့ ပုဂ္ဂလိက မီဒီယာတွေ လိုက်ပါခွင့်ရတာနဲ့ပတ်သက်ပြီး ပြောရရင် ဒါဟာ ဒီမိုကရေစီနိုင်ငံတွေ မှာလည်း ပုံမှန်ပဲလို့ ပြောရမှာပါ။ နိုင်ငံခေါင်းဆောင်တွေဟာ သူတို့ရဲ့ ချစ်ကြည်ရေးခရီးစဉ်တွေ အလုပ်သဘောသွားရောက်ရတဲ့ အရေးကြီး ခရီးစဉ်တွေမှာ အစိုးရမဟုတ်တဲ့ ပြင်ပက ပုဂ္ဂလိက မီဒီယာတွေ ခေါ်သွားလေ့ရှိကြပါတယ်။
အမေရိကန်သမ္မတ ထရန့်ရဲ့ ခရီးစဉ်၊ ကျွန်တော်တို့ ဘေးက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့၊ ထိုင်းဝန်ကြီးချုပ်တို့ရဲ့ ခရီးစဉ်တွေမှာလဲ ပုဂ္ဂလိက မီဒီယာကြီးတွေကို ဦးစားပေးခေါ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံ မှာလည်း အရင်က အစိုးရမီဒီယာတွေချည်းပဲ ခေါ်တယ်။ သူတို့တွေပဲ State Visit လိုက်ကြရတယ်။ အခုက ထိုင်း၊အိန္ဒိယတို့စတဲ့ ဒီမိုကရေစီနိုင်ငံတွေလိုပဲ အခု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အစိုးရလက်ထက်မှာ ပုဂ္ဂလိက မီဒီယာအကြီးတွေ၊ အစိုးရရဲ့သတင်းတွေကို ပုံမှန်ဖော်ပြလေ့ရှိတဲ့ ပုဂ္ဂလိက မီဒီယာတွေကိုပါ ခရီးစဉ်တွေခေါ်တဲ့ အလေ့အထကို တွေ့လာရတယ်။ ဒီလိုခေါ်တဲ့အခါမှာလဲ သက်တမ်းရှည်တဲ့ မီဒီယာကြီးတွေ ကို ဦးစားပေး ခေါ်တတ်သလို ပုဂ္ဂလိက မီဒီယာအငယ်တွေ ကိုလည်း အလှည့်ကျခေါ်နေတဲ့ သဘောမျိုး တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာလည်း State Visit ကို ခေါ်တဲ့အလေ့အကျင့်ရှိတဲ့အခါ ကျွန်တော်တို့က မီဒီယာအကြီးအနေနဲ့ လိုက်သွားတာပဲဖြစ်ပါတယ်။ ဘာမှ သီးသန့်မဟုတ်ပါဘူး။
ဥပမာ- ထိုင်းနိုင်ငံမှာဆိုရင် ဘန်ကောက်ပို့စ်နဲ့ Nation တို့ဆိုရင် သူတို့ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်တွေ အမြဲတမ်းပါတယ်။ ဘယ်ဝန်ကြီးချုပ်ပြောင်းပြောင်း သူတို့လိုက်ရတယ်။
လိုက်ပါရတဲ့ခရီးစဉ်တွေမှာလည်း လုံခြုံရေးဆိုင်ရာ စည်းမျဉ်း၊စည်းကမ်း၊ လိုက်နာရမယ့် အချက်အလက်တွေ အားလုံးကလည်း အတူတူပါပဲ။ တကယ့် ဒီမိုကရေစီနိုင်ငံတွေရဲ့အလေ့အကျင့်အတိုင်းပဲ။ Sate Visit ကို လိုက်ရတဲ့မီဒီယာတွေရဲ့အခန်းကဏ္ဍက ဒီလောက်ပဲရှိပါတယ်။ ဒါကြောင့် ကျွန်တော်လိုက်သွားတယ်။
ဒီနေရာမှာ တခြားနိုင်ငံတွေက သမ္မတရဲ့ပြည်ပခရီးစဉ်မှာလိုက်ပါကြရပုံ အခြေအနေတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူကြပါဘူး။
အိန္ဒိယမှာဆိုရင် ဝန်ကြီးချုပ်မိုဒီရဲ့ ပြည်ပခရီးစဉ်မှာ ကြီးမားတဲ့ Press Pool အဖြစ် ခေါ်ဆောင်သွားတာ မရှိပါဘူး။ အဓိကအနေနဲ့ မီဒီယာအမျိုးအစားအလိုက် ရွေးချယ်ခေါ်ဆောင်လေ့ရှိပါတယ်။
ခေါ်ယူတဲ့ မီဒီယာတွေကတော့ အိန္ဒိယအစိုးရပိုင်မီဒီယာတွေဖြစ်တဲ့ All India Radio (AIR)၊ Doordarshan (DD News) လိုမီဒီယာတွေနဲ့ သတင်းအေဂျင်စီဆိုရင် Press Trust of India (PTI)၊ Asian News International (ANI) တို့နဲ့ ရွေးချယ်ထားတဲ့ ပုဂ္ဂလိကမီဒီယာတွေကို ဖိတ်ကြားပြီး ခေါ်ယူလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာတော့ TV သတင်းဌာနတွေနဲ့ သတင်းစာကြီးတွေကို ဖိတ်ကြားလေ့ရှိပေမယ့် ခရီးစဉ်အလိုက် အရေအတွက်ကတော့ ကွာခြားပါတယ်။
ဒါ့အပြင် Ministry of External Affairs (MEA) နှင့် Prime Minister’s Office (PMO) တို့လို ခရီးစဉ် တွေမှာတော့ အရေးပါမှု၊ လုံခြုံရေးလိုအပ်ချက်နဲ့ နေရာကန့်သတ်ချက်တွေကို အခြေခံပြီး ရွေးချယ်လေ့ရှိပါ တယ်။ နိုင်ငံတော်အလည်အပတ် (State Visit) သို့မဟုတ် အရေးကြီးတဲ့ ထိပ်သီးအစည်းအဝေးတွေ ဆိုရင်တော့ မီဒီယာတွေ အများအပြားခေါ်ဆောင်ပါတယ်။
ဘယ်နိုင်ငံမှာမဆို ခရီးစဉ်တွေကို လိုက်ပါရတဲ့ သတင်းဌာနကိုယ်စားပြုသူတွေက လုံခြုံရေးစိစစ်မှု (Security Clearance) ဖြတ်သန်းရပါတယ်။ သတင်းထောက်တွေက လေယာဉ်ပေါ်၊ တည်းခိုရာနေရာနဲ့ အစည်းအဝေးနေရာတွေမှာ သတ်မှတ်ထားတဲ့ နေရာတွေမှာ သတင်းယူခွင့်ရှိပါတယ်။ ဒါပေမဲ့ အချို့သော နှစ်နိုင်ငံဆွေးနွေးပွဲတွေနဲ့ လုံခြုံရေးဆိုင်ရာအစည်းအဝေးတွေကိုတော့ သတင်းမီဒီယာတွေ တက်ရောက်ခွင့် မရှိပါဘူး။
အခု သမ္မတဦးမင်းအောင်လှိုင်လက်ထက်မှာ ပြည်ပခရီးစဉ်ရှိရင် ပုဂ္ဂလိကမီဒီယာတွေကို ခေါ်တယ်။ တကယ့်ဒီမိုကရေစီနိုင်ငံတွေမှာဆိုလည်း ဒီလိုလုပ်ပါတယ်။ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ အတူတူပါပဲ။ မီဒီယာ ခရီးစဉ်မှာ လိုက်ပါရမယ့် စည်းမျဉ်းစည်းကမ်းတွေတော့ရှိတယ်။ ချမှတ်ထားတဲ့ စည်းကမ်းတွေ၊ ကျွန်တော် တို့လုပ်ဆောင်ရမယ့်အရာတွေ လည်းရှိပါတယ်။ အမေရိကန် သမ္မတရဲ့ အိမ်ဖြူတော်က ထုတ်တဲ့စည်းကမ်းတွေ၊ ထိုင်းဝန်ကြီးချုပ်တွေ အစဉ်အဆက် သွားခဲ့တဲ့ Sate Visit တွေ၊ အိန္ဒိယ မိုဒီရဲ့ Sate Visit တွေနဲ့ ပုံစံတူတူပါပဲ။ ဒီလို ခရီးစဉ်တွေ မီဒီယာခေါ်တာဟာ ဒီမိုကရေစီအလေ့အကျင့်တွေ ကိုဖော်ဆောင်တဲ့သဘောပါပဲ။ တစ်ခုရှိတာကတော့ သူတို့နဲ့ အပြန်အလှန် နားလည် အဆင်ပြေမှုရှိဖို့တော့ လိုအပ်တာပေါ့။ သမ္မတရုံးလို သူတို့သက်ဆိုင်ရာ အစိုးရအဖွဲ့က ရွေးချယ်မှာပေါ့။
ဒါက နိုင်ငံတော်ခရီးစဉ်တွေမှာ သတင်းရယူတာနဲ့ ပတ်သက်ပြီး လုပ်ဆောင်ရတဲ့ အပိုင်းတွေကို အလျဉ်းသင့်လို့ ရှင်းပြတာပါ။
(၂)
အခု Myo Nandar ရဲ့ ရေသားချက်နဲ့ ပတ်သက်ပြီး တကယ်တော့ ကျွန်တော်က ချေပရေးသားတယ်ဆိုတာထက် သူ့ရဲ့ရေးသားမှုမှာ အထင်လွဲ စရာဖြစ်နိုင်တဲ့အချက်အလက်တွေနဲ့ ကျွန်တော်တို့ရဲ့ မူဝါဒလေးတွေကို ပြန်ပြောချင် တာပဲဖြစ်ပါတယ်။
ဒါက ဒေါ်မျိုးနန္ဒာကိုပဲ ပြောတာလည်း မဟုတ်ပါဘူး။ သူ့ Post ကိုလည်း လူတော်တော်များများ ဖတ်မိချင်မှ ဖတ်မိမယ်။ ဒါပေမယ့် ကျွန်တော်က ဦးမင်းဇင် တရုတ်မှာ ဖမ်းဆီးခံရတဲ့ သတင်းနဲ့ ပတ်သက် ဆက်စပ်လို့ ကျွန်တော်တို့ရဲ့ မူဝါဒကို ပြောချင်တာဖြစ်ပါတယ်။
တစ် အချက်က သူ့ရဲ့ Post မှာ လူမျိုးရေး ဆိုတဲ့အချက်တွေ ပြောတယ်။ ကျွန်တော်တို့က ဦးမင်းဇင်ကို ဗမာလို့ ဘာလို့ပြောရသလဲဆိုရင် ကိုမင်းဇင်က သူဟာ အမေရိကန်နိုင်ငံသားဖြစ်တဲ့တိုင်အောင် မြန်မာနိုင်ငံရေးလောကမှာ ထဲထဲဝင်ဝင် ပတ်သက်ခဲ့သူဖြစ်တယ်။ ဒီနေရာမှာ အုပ်စုတူတယ်လို့ ဒေါ်မျိုးနန္ဒာက စွပ်စွဲတာရှိတယ်။ ကျွန်တော်တို့က ISP-Myanmar နဲ့ အုပ်စုမတူပါဘူး။ နောက်တစ်ခါ အနောက်အုပ်စုရောထွေး ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့က Independent မီဒီယာ ဖြစ်ပါတယ်။ ဒေါ်မျိုးနန္ဒာက မသိဘဲ စွပ်စွဲသလိုဖြစ်လို့ရှိရင်တော့ ဒါတွေကို ရုပ်သိမ်းဖို့လိုအပ်ပါမယ်။ ဘာလို့လဲဆိုတော့ စွပ်စွဲမှုတွေ မမှန်ကန်ရင် ဥပဒေဘောင်အရ ထိခိုက်မှုနစ်နာမှုတွေ ရှိပါတယ်။ တကယ်ကျတော့ ကျွန်တော်တို့က Independent မီဒီယာ ဖြစ်တယ်။ ISP မြန်မာကတော့ နောက်ကွယ်မှာ US-backed အဖွဲ့အစည်းတွေ Backing ပေးထားတယ် လို့ ပြောကြဆိုကြပေမယ့် ကျွန်တော်တို့ကတော့ ဘယ်သူ့ဆီက Backing မှ မရှိဘူး။ သူတို့နဲ့လည်း ဘာမှပတ်သက်မှုမရှိဘူး။ အမေရိကန်ရဲ့ အနောက်နိုင်ငံအုပ်စုတွေနဲ့လည်း ဘာမှ ပတ်သက်မှုမရှိဘူး။ အနောက်နိုင်ငံတွေတင်မကဘူး တရုတ်၊ အိန္ဒိယနဲ့ရော ကျွန်တော်တို့ ပတ်သက်မှုမရှိဘူး။ ဒီလိုပဲ အစိုးရအဆက်ဆက်နဲ့လည်း ဘာမှပတ်သက်တာမရှိဘူး။ ကျွန်တော်တို့က Independent၊ ဘယ်သူ့ဆီကမှ ငွေတစ်ပြား တစ်ကျပ်မျှမယူဘူး။ အဲ့ဒီတော့ ဒေါ်မျိုးနန္ဒာရဲ့ စွပ်စွဲမှုက ကျွန်တော်တို့ရဲ့ သိက္ခာနဲ့ ကျွန်တော်တို့ရဲ့ ရပ်တည်မှုကို ထိပါးသလို ဖြစ်ပါတယ်။ ဒါကြောင့်ပြန်လည်ရုပ်သိမ်းဖို့ လိုအပ်ပါတယ်။
နောက် လူမျိုးရေး။ ကျွန်တော်တို့က လူမျိုးရေး ရှေ့တန်းတင်တယ်လို့လည်း စွပ်စွဲသလို ရေးသားထားတယ်။ သက်သေပြစရာမရှိရင် ပြောလို့မရပါဘူး။ ကျွန်တော်တို့က ဗမာလူမျိုးဖြစ်တယ်ဆိုတာ တရုတ်နိုင်ငံကို ပြောရမယ်။ ဘာဖြစ်လို့လဲဆိုရင် မြန်မာနိုင်ငံရေးလောကမှာ သူက အမေရိကန်ရဲ့ Backup ဖြစ်နေသည့်တိုင်အောင် မြန်မာနိုင်ငံရေးမှာ တစ်ချိန်ချိန်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့လို့ရှိရင် ဘာပဲဖြစ်ဖြစ် မည်သည့်နိုင်ငံသားဖြစ်နေပါစေ မြန်မာကိုချစ်မြတ်နိုးမယ်၊ အဲဒီလိုစိတ်ရှိတဲ့လူတွေအနေနဲ့ Participate လုပ်ပိုင်ခွင့် ရှိတာပါပဲ။
ဗမာလူမျိုးဖြစ်ဖြစ် ပြည်ထောင်စုအတွင်းက ဘယ်လူမျိုးမဆို မြန်မာ Origin ဟာ ဘယ်အကြောင်းကြောင့်နဲ့မဆို ဘယ်နိုင်ငံမှာ ရောက်ရောက် မြန်မာဖြစ်နေတဲ့ လူတစ်ယောက်ပဲ။ အဲ့ဒါ သူ့ကို အမေရိကန်နိုင်ငံသားအဖြစ်နဲ့ပဲ တရုတ်အစိုးရက မမှတ်ယူသင့်ဘူး။ ဗမာလူမျိုး မြန်မာ အဖြစ် မှတ်ယူသင့်တယ်လို့ ကျွန်တော်တို့က ပြောတာပါ။
ကျွန်တော်တို့လည်း တရုတ်အစိုးရကို ရေးခဲ့တဲ့ Editorial တွေ အများကြီး ရှိပါတယ်။
ဘာလို့ဆိုတော့ သူတို့က သူတို့နဲ့ မွေးရင်းတူတဲ့ တိုင်းရင်းသားလူမျိုး အနည်းငယ် အပေါ်ပဲ လုပ်ပြီးတော့ Main ဖြစ်တဲ့ အခြားလူမျိုးတွေကို ပစ်ပယ်မထားဖို့ ကျွန်တော်တို့ ရေးခဲ့တယ်။ ဒါက လူမျိုးရေးနဲ့ ရေးတာ မဟုတ်ပါဘူး။
အဲ့တော့ ဒါမျိုး လူမျိုးရေးနဲ့ ပတ်သက်ပြီး စွပ်စွဲတယ်ဆိုတာလည်း အဲ့ဒါကလည်း ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာနဲ့ ရပ်တည်မှုကို ထိပါးရာ ရောက်ပါတယ်။
နောက်တစ်ချက်က ကိုမင်းဇင်ဆိုတာ အမေရိကန်နိုင်ငံသား ဖြစ်လို့လွှတ်ဖို့ ငြင်းပယ်ခံရရင်တောင် ကျွန်တော်တို့ ပြောချင်တဲ့ ရည်ရွယ်ချက်က သူတို့ပြောသလို တရုတ်မှာ သူလျှိုမှုနဲ့ ဖမ်းဆီးခံရတဲ့ အမေရိကန်နိုင်ငံသား ငါးယောက်မှာ ကျန်တဲ့လေးယောက်က တရုတ် Origin တွေ ဖြစ်ပါတယ်။ မူလက တရုတ်လူမျိုးတွေ ဖြစ် နေပါတယ်။ မူလတရုတ်လူမျိုးကို တရုတ်အစိုးရက Espionage မှတ်တာ။ ဒါပေမယ့် ဦးမင်းဇင်က ဗမာလူမျိုးဖြစ် တယ်။ Espionage နဲ့ ဒါ မြန်မာကို တရုတ်လူမျိုးတွေနဲ့ ရောပြီး ထည့်သလားဆိုတာမျိုး မဖြစ်အောင်လို့ ကျွန်တော်တို့က တရုတ်အစိုးရကို မိတ်ဆွေတစ်ဦးအနေနဲ့၊ နိုင်ငံအနေနဲ့ ပြောခြင်း ဖြစ်ပါတယ်။
နောက်တစ်ခုက တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ရှိရင် ကျွန်တာ်တို့ နားလည်ထားတဲ့အချက်က ခုက ၂၀၁၁ လည်း မဟုတ် ၂၀၂၁ လည်း မဟုတ်တော့ဘူး။ မြစ်ဆုံစီမံကိန်းကြီး ရပ်ဆိုင်းဖို့လုပ်ခဲ့ကြတဲ့ ၂၀၁၁ လို အခြေအနေတွေ လည်းမဟုတ်သလို ၂၀၁၆ လည်း မဟုတ်တော့ဘူး။
အခုက ၂၀၂၆ ဖြစ်နေပြီ။ အပြောင်းအလဲတွေက ကမ္ဘာကြီးမှာလည်းပြောင်းလဲနေပြီ။ မြန်မာနိုင်ငံလည်း ပြောင်းလဲနေပြီ။ တရုတ်နိုင်ငံလည်း Superpower ဖြစ်လာပြီ။
အဲဒီတော့ မြန်မာနိုင်ငံက တရုတ်နဲ့ပတ်သက်ရင် ၁၉၈၈ ကလိုပဲ သတ်မှတ်လို့ မရ တော့ပါဘူး။ ၂၀၁၁ လိုလည်း သတ်မှတ်လို့ မရဘူး။ ၂၀၂၆ ကိုရောက်နေပါပြီ။
လက်တွေ့မှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးက မြန်မာ့အိမ်နီးချင်းတွေထဲမှာ နံပါတ်တစ် အရေးကြီးဆုံး ဖြစ်သွားပြီ။
ဒီအခြေအနေမျိုးမှာ တရုတ်မုန်းတီးရေး၊ တရုတ်နိုင်ငံနဲ့ဆက်ဆံရေးနဲ့ ရန်တိုက်ပေးတဲ့ အတွေး အခေါ်တွေက အလုပ်မဖြစ်ပါဘူး။
ကျွန်တော်တို့က တရုတ်နိုင်ငံအပေါ် ထားရှိတဲ့ သဘောထားက မဖြစ်မနေ လက်တွဲသွားရမယ့် အိမ်နီးချင်း တစ်ယောက် ဖြစ်သလို အိမ်နီးချင်းက Superpower ဖြစ်နေ တယ်။
သူဌေး ဖြစ်နေတဲ့ အိမ်နီးချင်းတစ်ယောက်နဲ့ ဘယ်လို သင့်တင့်လျောက်ပတ်အောင် ဆက်ဆံရမလဲဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက သိရမယ်။ အိမ်နီးချင်း Superpower နိုင်ငံတစ်ခုနဲ့ ဆက်ဆံတဲ့အခါ ကျွန်တော်တို့ ဘယ်လို စိတ်ထားတွေနဲ့ နေရမယ်။
အဲဒီတော့ ကျွန်တော်တို့ နိုင်ငံမှာ ဘယ်လို ဘယ်နေရာ ဘယ်ဘက် ရောက်ရောက်၊ ဘယ်နေရာ ဘယ်နိုင်ငံမှာပဲ နေနေ၊ ဘယ်အုပ်စုနဲ့ပဲ ဖြစ်ဖြစ်၊ ဘယ်နိုင်ငံရေး အတွေးအခေါ်နဲ့ပဲ ဖြစ်ဖြစ် လုပ်ကိုင်ကြ လုပ်ကိုင်ကြ ကျွန်တော်တို့ မြန်မာနိုင်ငံလူမျိုးတွေအနေနဲ့ တရုတ်လူမျိုးတွေ မုန်းတီးရေး၊ တရုတ်နိုင်ငံ မုန်းတီးရေး လုပ်လို့ မရဘူး။
အဲ့ဒါက ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ကို ထိပါးစေမယ့် အလုပ်ဖြစ်လို့ တရုတ်မုန်းတီးရေးဝါဒကို လုံးဝထားလို့ မရပါဘူး။ ဒါပေမယ့် တစ်ဖက်မှာတော့ အချုပ်အခြာ အာဏာပိုင်စိုးရေးနဲ့ ကျွန်တော်တို့ တန်းတူညီမျှရေးကိုတော့ တရုတ်နိုင်ငံကို အမြဲတမ်း သတိပေးနေရပါမယ်။ ကျွန်တော်တို့ကလည်း အခု ဦးမင်းဇင်ကိစ္စ သတိပေးတယ် တိုက်တွန်းတယ် ဆိုတာကလည်း ကျွန်တော်တို့က ဒီအချုပ်အခြာအာဏာနဲ့ တန်းတူညီမျှ မှု၊ သူ့ကို အမေရိကန်နိုင်ငံသားအဖြစ် မယူဆဘဲ မြန်မာလို့ ယူဆပြီး တရုတ်နိုင်ငံကလည်း ပြန်လွှတ်ပေးသင့်တယ်။ အဲ့ဒါပါပဲ။
တဖက်ကကြည့်ရင်လည်း ကိုမင်းဇင်တို့ ISP အနေနဲ့လည်း တရုတ်မုန်းတီးရေးတွေ ဘာတွေကို တစ်ဘက်က ဇောင်းပေးနေတာ မလုပ်သင့်ဘူး။ အဓိက အနှစ်ချုပ်ကတော့ တရုတ် မုန်းတီးရေး လုပ်လို့မရဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးရေး တန်းတူညီမျှရေးဆိုတာ ရှိရမယ်ဆိုတာက ကျွန်တော်တို့ ပြောချင်တဲ့ ရည်ရွယ်ချက်ရဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မလို့ ကျွန်တော်တို့က ဒါကို ရှင်းလင်းအောင် ပြောရတာဖြစ်ပါတယ်။
(၃)
နောက်တခုက ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ပါ။ ကျွန်တော်တို့က အမှီအခိုကင်းတဲ့ မီဒီယာ ဖြစ်တယ်။ နောက်တစ်ခါ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်၊ ကျွန်တော်တို့က ဒီမိုကရေစီယုံကြည်တဲ့ မီဒီယာအဖွဲ့အစည်း ဖြစ်တယ်။ လွတ်လပ်တဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို လေးစားတယ်။
လက်ရှိအခြေအနေနဲ့ လုံခြုံရေးအခြေအနေတွေ ခက်ခဲမှုတွေ၊ နိုင်ငံရေးစနစ်တွေ ကြားထဲမှာ ခက်ခဲမှုတွေ အများကြီး ရှိနေပေမယ့် ကျွန်တော်တို့ ယုံကြည်ချက်က ဒါပဲ မပြောင်းလဲပါဘူး။ နောက်တစ်ခုကကျတော့ ကျွန်တော်တို့နိုင်ငံကို တည်ငြိမ်အေးချမ်း ပြီးတော့ လုံခြုံတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်မယ် အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ရမယ် ကျွန်တော်တို့ ယုံကြည် ချက်က ဒီနှစ်ချက်ပဲ ရှိတယ်။
ဒီမိုကရေစီ ယုံကြည်တယ်၊ တည်ငြိမ်အေးချမ်းပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တည်ရေးကို ကျွန်တော်တို့ ယုံကြည်တယ်။
အဲ့ဒီယုံကြည်ချက် နှစ်ချက်နဲ့ ကျွန်တော်တို့က မီဒီယာ ဆက်သွားနေ တယ်ဆိုတာကို အသိပေးချင်တာပါ။
ဒီနှစ်ချက်နဲ့ ကျွန်တော်တို့က တရုတ်နိုင်ငံနဲ့လည်း မိတ်ဆွေအဖြစ် ဆက်ဆံတယ်။
ကျွန်တော်တို့က ဘယ်သူ့လက်အောက်ခံမှ မဟုတ်ဘူး၊ ဘယ်သူ့ရဲ့ လက်ဝေခံမှလည်း မဟုတ်ဘူး။ Independent ဖြစ်တယ်။ ကျွန်တော်တို့က ဒီဟာကိုပဲ တစ်စိုက်မတ်မတ် သွားနေတယ်။ အခြေအနေတွေ အကြောင်းကြောင်းတွေ ရှိနေပေမယ့် ခေတ်တွေက မတူတော့ဘူး။ ၈၈ နဲ့ ၂၀၁၁ က မတူသလို ၂၀၁၁ နဲ့ ၂၀၂၆ နဲ့လည်း မတူတော့ဘူး။ အားလုံးက ပြောင်းလဲသွားပြီ။ အပြောင်းအလဲပေါ်မှာ ကျွန်တော်တို့က တည်ငြိမ်စွာနဲ့ပဲ သွားရမယ်။ အဓိကကတော့ ကျွန်တော်တို့ နိုင်ငံက ဘယ်လိုပဲ ကွဲပြား ကွဲပြား နိုင်ငံရေးယူဆချက် ကွဲပြားချက် ရှိ ရှိ ဘယ်အစိုးရပဲ တက် တက် ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ မုန်းတီး တရုတ်မုန်းတီးရေး ဝါဒကို အသက်သွင်းလို့ မရဘူး။
အဲ့ဒါကိုလည်း ISP မြန်မာလည်း သိသင့်တယ်။ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ ဒါ သတိထားသင့်တဲ့ ဆက်ဆံရေး။ ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ချစ်ကြည်လိုတယ်ဆိုရင် မြန်မာနိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပတ်သက်တဲ့လူတွေက အမေရိကန် ဖြစ်နေသည့်တိုင်အောင်၊ မြန်မာတွေနဲ့ ချစ်ကြည်ရေး လုပ်ချင်ရင် ကိုမင်းဇင်ကို လွှတ်ပေးသင့်တယ်လို့ ကျွန်တော်တို့ က တိုက်တွန်းရေးတာပါ။
ကျွန်တော်တို့က တရုတ်နိုင်ငံနဲ့ ပတ်သက်တာကို ရေးတာတွေမှာ မိတ်ဆွေတစ်ဦးအနေနဲ့ ရေးတာပဲရှိတယ်။ ရန်သူတစ်ယောက်အနေနဲ့ ရေးနေတာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ သဘောထား မှတ်ချက်က အထူးသဖြင့် Eleven Media ရဲ့ရေးသားချက်တွေမှာ တရုတ်နိုင်ငံကို မိတ်ဆွေနိုင်ငံ၊ မိတ်ဆွေတစ်ဦးက မိတ်ဆွေတစ်ဦးကို ပြောတဲ့စကားမျိုးနဲ့ပဲ ပြောတာပါ။
(၄)
ISP Myanmar က CIA အထောက်အပံ့ရှိတယ်၊ ဟိုအထောက်အပံ့ရှိတယ်၊ ဒီအထောက် အပံ့ရှိတယ် ဆိုပြီး ပြောနေကြတယ်။ ထို့အတူပဲ တကယ်တမ်းကျတော့ မြန်မာပြည်မှာ CIA နဲ့ ဆန့်ကျင်ဘက် ထောက်လှမ်းရေးအဖွဲ့အစည်းအင်အားက အဆ ၂၀ လောက် တောင်ရှိမယ်ထင်တယ်။ မြန်မာနိုင်ငံ နယ်ပယ်စုံမှာ နေရာယူနေ ကြတာတွေရှိမယ်။
မီဒီယာတွေထဲမှာရော၊ INGO တွေထဲမှာရော၊ စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာရော အာဏာပိုင်တွေထဲထိ အများကြီးရှိ နိုင်တယ်။ အဓိကကတော့ ဘယ်က ငွေနဲ့ ရပ်တည်နေသလဲပေါ့။ ISP ကဘယ်က ရန်ပုံငွေနဲ့ ရပ်တည်နေတယ် ဆိုတာ မေးမြန်းရမှာဖြစ်သလို၊ မြန်မာပြည်မှာရှိတဲ့ တရုတ်ထောက်ပံ့ခံအဖွဲ့အစည်းတွေရော ဘယ်ငွေနဲ့ ရပ်တည်နေသလဲဆိုတာ ရှင်းလင်းဖို့ အရေးကြီးပါတယ်။
ကျွန်တော်တို့ Eleven ကတော့ ဘယ်သူနဲ့ မှ မရောနှောဘူး ရှင်းလင်းအောင် နေတယ်။ ဘယ်သူ့ဆီကမှ အထောက်အပံ့မယူသလို ဘယ်သူ့ဆီကမှ တောင်းခံနေရတာ မရှိပါဘူး။
ဘယ်လိုအခက်အခဲတွေပဲရှိရှိ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်အောင်ကြိုးစားပါတယ်။ ဘယ်သူ့ဆီကမှ အထောက်အပံ့မယူတဲ့အတွက်ကြောင့် ဘယ်သူ့ကိုမဆို မျက်လုံးတည့်တည့်ကြည့်ပြီး ပြောရဲတယ်၊ ပြောနိုင်ပါတယ်။ Myo Nandar ရဲ့ Post မှာ ရေးသားထားတာတွေ နဲ့ ပတ်သက်လို့ အချုပ်ပြန်ရှင်းပြရရင် --- ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ၊ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတကလည်း ထုတ်ပြော ထားတာရှိပါတယ်။ ကျွန်တော်နဲ့ တရုတ်ခရီးစဉ်အတွင်း အင်တာဗျူးမှာလည်း ဖြေထားတယ်။ တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ၊ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ သွားမယ်ဆိုပြီး ပြောထားပါတယ်။
ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ တရုတ်နိုင်ငံကို လေးစားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက သွားမယ့်မူဝါဒက ဒါပဲ။ အဲဒီတော့ ဘက်မလိုက်ဘူး တက်ကြွစွာနဲ့ ဆက်ဆံမယ်။ အိန္ဒိယနဲ့ ဆက်ဆံတာဖြစ်မယ်။ အာဆီယံနဲ့ ဆက်ဆံတာဖြစ်မယ်။ အနောက်အုပ်စုနဲ့ ဆက်ဆံတာ ဖြစ်မယ် ဒီလိုပါပဲ ဒီမူအတိုင်းပါပဲ။ ကျွန်တော်တို့ နိုင်ငံရဲ့ Diplomacy's ဒီလိုသွားသလို ကျွန်တော်တို့ Eleven ရဲ့ မူဝါဒကလည်း ဘယ်သူဘယ်ဝါနဲ့ မှ ဘယ်သူ့လက်ဝေခံမှ လုပ်မှာ မဟုတ်ပါဘူး။ တစ်ယောက်ယောက် တစ်ဖွဲ့ဖွဲ့ဆီက ပေးစာကမ်းစာနဲ့ ရပ်တည်နေရပြီဆိုရင်လည်း ဘယ်လိုမှ အဆင်မပြေပါဘူး။
ပွင့်ပွင့်လင့်လင်း ပြောရရင် တရုတ်ပေးစာကမ်းစာနဲ့ ဖြစ်ဖြစ် အနောက်အုပ်စုပေးစာကမ်းစာဖြစ်ဖြစ် အဲဒီလိုပဲအစိုးရ၊ ခရိုနီ ဘယ်သူ့ပေးစာကမ်းစာဖြစ်ဖြစ် အဆင့်အတန်း က အတူတူပါပဲ။ INGO ပဲ အမည်တပ်တပ်၊ Grants ပဲ တပ်တပ်၊ Sponsor ပဲ တပ်တပ် အားလုံးက အဆင့်အတန်း တစ်ခုတည်းပါပဲ။ ကိုယ့်ငွေနဲ့ ကိုယ်ခြေထောက်ပေါ်မှာ ရပ်ပြီး ကိုယ့်ငွေနဲ့ ကိုယ် နေနိုင်တဲ့သူကသာ သမိုင်းမှာ အမြဲတမ်းလက်မထောင်နိုင်မှာပါ။
ကျွန်တော်တို့ Eleven Media အနေနဲ့ကတော့ ဘယ်အစိုးရ၊ ဘယ်ခရိုနီ၊ ဘယ်နိုင်ငံရဲ့ အစိုးရပဲဖြစ်ဖြစ် ဘယ်သူ့ဆီကမှ အထောက်အပံ့မယူဘဲ ရပ်တည်နေတာ စတင်တည်ထောင်ကတည်းကဆို ၂၆ နှစ်ရှိသွားပါပြီ။ ဘယ်လောက်အခက်အခဲတွေရှိရှိိ လက်မထောင်ပြီး နေနိုင်ပါတယ်။ အချိန်မရွေး ယှဉ်ပြောလို့လည်းရပါတယ်။ အချိန်မရွေး မျက်နှာတည့် တည့်ကြည့်ပြီး ဘယ်သူ့ကိုမဆို စကားပြောလို့ရပါတယ်။















