ရွှေကုက္ကိုလ်နယ်မြေအတွင်း  တရားမဝင် ခုနစ်ထပ်လူနေအဆောက်အအုံတစ်လုံး ထပ်မံဖောက်ခွဲဖြိုချ ဖျက်ဆီးခဲ့ပြီး တရားမဝင်လူနေအဆောက်အအုံ ၆၄ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်

ရွှေကုက္ကိုလ်နယ်မြေအတွင်း  တရားမဝင် ခုနစ်ထပ်လူနေအဆောက်အအုံတစ်လုံး ထပ်မံဖောက်ခွဲဖြိုချ ဖျက်ဆီးခဲ့ပြီး တရားမဝင်လူနေအဆောက်အအုံ ၆၄ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်
Published 25 June 2026

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ခုနစ်ထပ် လူနေအဆောက်အအုံတစ်လုံး ထပ်မံဖောက်ခွဲဖြိုချဖျက်ဆီးခဲ့​ကြောင်း သိရသည်။

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့(ဇွန် ၂၅ ရက်)တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ခုနစ်ထပ်လူနေ အဆောက်အအုံတစ်လုံးကို ထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးဟူ၍ အဆောက်အအုံ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ဖြိုချဖျက် ဆီးလျက်ရှိရာ ယနေ့(ဇွန် ၂၅ ရက်)တွင် ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၂၀ လုံးအနက် ခုနစ်ထပ် လူနေအဆောက်အအုံ ၁ လုံးကို စနစ်တကျ ထပ်မံဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များအနေဖြင့် ဇွန် ၂၅ ရက်အထိ အွန်လိုင်းလိမ်လည် လောင်း ကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၄ လုံးအား စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖျက်ဆီးရန် ကျန်ရှိသည့် တရားမဝင်အဆောက်အအုံ ၁၃ လုံးကိုလည်း ဆက်လက်၍ စနစ်တကျ ဖျက်ဆီးမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent