■ ဟော်မုဇ်ရေလက်ကြားကို မိမိတို့ စီမံခန့်ခွဲသွားမည်ဟု အီရန်အဆင့်မြင့်ဆွေးနွေးရေးအရာရှိ ပြောကြား

■ ဟော်မုဇ်ရေလက်ကြားကို မိမိတို့ စီမံခန့်ခွဲသွားမည်ဟု အီရန်အဆင့်မြင့်ဆွေးနွေးရေးအရာရှိ ပြောကြား
Published 23 June 2026

အမေရိကန်-အစ္စရေးတို့နှင့် ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဟော်မုဇ်ရေလက်ကြားကို အီရန်အစိုးရကသာ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း အီရန်အဆင့်မြင့်ဆွေးနွေးရေးအရာရှိ မိုဟာမက်ဘာဂါ ဂါလီဘာက ပြောကြားခဲ့သည်ဟု အီရန်နိုင်ငံပိုင်မီဒီယာက ဇွန် ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို ကူးစက်လာခဲ့သည့် အဆိုပါပဋိပက္ခကို အဆုံးသတ်ရန် ဆွစ်ဇာလန်နိုင်ငံတွင် ပထမအကြိမ် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီးနောက် အရေးပါသော ကုန်သွယ်ရေး ရေကြောင်းလမ်းကို ဆက်လက်ဖွင့်ထားရန်နှင့် လက်ဘနွန်နိုင်ငံအတွင်း တိုက်ပွဲများ ရပ်တန့်ရန် ဆက်သွယ်ရေးလမ်းကြောင်းများ ထူထောင်ရေး အီရန်နှင့် အမေရိကန်တို့ ဇွန် ၂၂ ရက်တွင် သဘောတူညီခဲ့ကြသည်ဟု ကြားဝင်စေ့စပ်ပေးသူများက ပြောကြားခဲ့သည်။

ဆွေးနွေးပွဲမှအပြန်တွင် ဂါလီဘာက "ဟော်မုဇ်ရေလက်ကြားဟာ စစ်ပွဲမဖြစ်ခင်က အခြေအနေမျိုးကို ဘယ်တော့မှ ပြန်ရောက်တော့မှာ မဟုတ်ပါဘူး။ နိုင်ငံတကာဥပဒေနဲ့အညီ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံကပဲ စီမံခန့်ခွဲသွားမှာဖြစ်ပါတယ်" ဟု အီရန်နိုင်ငံပိုင်သတင်းဌာန (IRNA) သို့ ပြောကြားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ ဘာဂန်စတော့ခ်ရှိ အဆင့်မြင့်‌ဟိုတယ်၌ ပြုလုပ်ခဲ့သည့် ၎င်းဆွေးနွေးပွဲများမှ "ကောင်းမွန်သော အောင်မြင်မှုများ" ရရှိခဲ့ကြောင်း ၎င်း၏တယ်လီဂရမ် တင်ထားသည့် ဗီဒီယို၌ ပြောကြားထားသည်။

"ကျွန်တော့်အမြင်အရတော့ ဒီခရီးစဉ်ဟာ အထူးသဖြင့် ရေလက်ကြားကိစ္စ၊ လက်ဘနွန်ကိစ္စ၊ ရေနံပိတ်ဆို့မှုဖြေလျှော့ရေးကိစ္စနဲ့ ဆိုင်းငံ့ခံထားရတဲ့ အီရန်နိုင်ငံပိုင်ရန်ပုံငွေတွေ ပြန်လည်ထုတ်ပေးရေးကိစ္စတွေမှာ အောင်မြင်မှုအသီးအပွင့်တွေ ရရှိခဲ့ပါတယ်" ဟု ဂါလီဘာက ဆိုသည်။

အီရန်နိုင်ငံသည် ကုလသမဂ္ဂနျူကလီးယားစစ်ဆေးရေးမှူးများကို နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဟု ပြောကြားခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုက အီရန်ရေနံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ဇွန် ၂၂ ရက်တွင် ယာယီဆိုင်းငံ့ပေးခဲ့ကြောင်း အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်က ပြောကြားခဲ့သည်။

Ref: AFP

photos: AFP

 

Most Read

Most Recent