မကွေးတိုင်း ရေနံချောင်းနှင့် နတ်မောက်မြို့နယ်ရှိ ကျေးရွာအချို့တွင် သောင်းကျန်းသူများ၏ ယာယီစခန်းနေရာများအား တပ်မတော်စစ်ကြောင်းများက သိမ်းပိုက်ရရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် အတွင်း လုံခြုံရေးတာဝန်များ ဆောင်ရွက်လျက်ရှိသည့် တပ်မတော် တပ်ဖွဲ့ဝင်များသည် ဇွန် ၂၀ ရက်တွင် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ရေနံချောင်းမြို့၏ အရှေ့မြောက်ဘက် မီတာ ၂၁၀၀၀ ခန့်အကွာရှိ လွန်းပင်ရှိုကျေးရွာ၏ ကျေးရွာ စာကြည့်တိုက်အတွင်း၌ သောင်းကျန်းသူများ၏ အသုံးအဆောင်ပစ္စည်းများ ဖြစ်သည့် မော်တော်ဆိုင်ကယ် (၁) စီး၊ စားဆီ (၅) ဂါလံ (၅) ပုံး၊ ပြောက်ကျား ယူနီဖောင်း (၅) စုံ၊ ပြောက်ကျား ဦးထုပ် (၅) လုံး၊ ၁ ပေခွဲ ပတ်လည် ဆိုလာ (၁) ချပ်၊ ၄ ပေ ၈ ပေ ပတ်လည် ဆိုလာ (၁) ချပ်၊ Inverter (၁) လုံး၊ ၁၂ ဗို့ ဘက်ထရီ (၁) လုံး၊Sound Box (၁) လုံး၊ အရပ်ကျောပိုးအိတ် (၂) လုံး၊ ၉ လုံးကျည် ၁၈ လုံးပါ (၁)တွဲ၊ နွေဦးထီ (၂၅)စောင်ပါ စာအုပ် (၁၅)အုပ်၊ YGN စာတမ်းပါ ဘက်တံဆိပ် (၃၇)ခုနှင့် မကွေးပြည်သူ့ကာကွယ်ရေး တံဆိပ် (၁) ခုတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မွန်းလွဲပိုင်းတွင် ညောင်ပင်ကားကျေးရွာ၏ တောင်ဘက် မီတာ ၁၅ဝခန့်၌ ယာယီစခန်းအဖြစ် နေထိုင်ခဲ့သည်ဟု ယူဆရသည့်နေရာအား ထပ်မံတွေ့ရှိ ခဲ့ရပြီး လူ ၂၀ ဦးဆံ့ ယာယီတဲ ၁ လုံး၊ ကင်းတဲ ၂ လုံးနှင့် လက်လုပ်နင်းမိုင်းမျိုးစုံ ၁၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ကန်သာကျေးရွာအနီး နယ်မြေလုံခြုံရေး လုပ်ငန်းများဆောင်ရွက်စဉ် ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၉၅၀ ခန့်၌ သောင်းကျန်းသူများ ယာယီစခန်းချနေထိုင်ခဲ့သည့် နေရာတစ်ခုအား ထပ်မံတွေ့ရှိခဲ့ရပြီး လက်လုပ်ဗုံးသီး (၁၁၇) လုံး၊ စက္ကူပတ် ခဲယမ်းပျော့ (၂) အိတ်၊ ကျည်ကာအကျႌ (၁) ထည်၊ TNT အားမြှင့်ယမ်း (၂၁) ခု၊ ရန်သူ့ တန်းစီကွင်း (၁) ကွင်း၊ ရန်သူ့ခန်းမတဲ (၁) လုံး၊ လူ ၂၀ ဦးဆံ့ အိပ်ဆောင်တဲ (၁) လုံး၊ သံခုတင် (၄) လုံး၊ မော်တော်ဆိုင်ကယ် (၂) စီး၊ ဆိုလာ (၁) ချပ်၊ ဝရိန်စက် (၁) လုံး၊ ဝရိန်ချောင်း (အကြီး) (၁) ထုပ်၊ လမ်းလျှောက်စကားပြောစက် (၅) လုံး၊ လက်လုပ်ဗုံးသီး အခွံပြုလုပ်သည် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် နတ်မောက်မြို့နယ်အတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန် ၇ ရက်တွင် လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများဆောင်ရွက်စဉ် နတ်မောက်မြို့နယ်၊ အိုင်မကျေးရွာ၏ အနောက်တောင် ဘက် မီတာ ၂၀၀ ခန့်အကွာ၌ သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူ အလောင်း ၂ လောင်း၊ စနိုက်ပါသေနတ် ၁ လက် နှင့် ၇ ဒသမ ၆၂ မမကျည် ၁၂၀၀ တောင့် တို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။















