ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် ယာဉ်အန္တရာယ် ကင်းစေရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ အသိ ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့ ရှိ ၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတွင် ဇွန်လ ၂၁ ရက် မနက်ပိုင်း ၁၀ နာရီခန့် အချိန် မော်တော်ဆိုင်ကယ်များကို ဆိုင်ကယ်စီး ဦးထုပ်ဆောင်းကြရန်၊ သတ်မှတ်စည်းကမ်းချက် များလိုက်နာကြရန်၊ မော်တော်ယာဉ် များကိုလည်း စည်းကမ်းလိုက်နာကြရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူများ ဘေးကင်းစေရေးအတွက် အသိပေးသော စာရွက်များကိုလည်း ပေးဝေခဲ့ကြောင်း သိရသည်။
မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် သတ်မှတ်အရှိန်နှုန်းအတိုင်းမောင်းနှင်ကြရန်၊ မော်တော်ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ ထိုင်ခုံခါးပတ်ပတ်၍ လိုက်ပါစီးနင်းမောင်းနှင်ကြရန်။ မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ် မောင်းနှင်စဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်း မပြုလုပ်ရန်၊ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်အား အရက်သေစာ သောက်စားမူးယစ်ပြီး မောင်းနှင်ခြင်း မပြုလုပ်ရန် ၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် နှစ်ဦးထက်ပိုမို စီးနင်းခြင်းမပြုရန် ၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများသည် ဆိုင်ကယ်စီးဦးထုပ် မေးသိုင်းကြိုးမြဲမြံစွာ တပ်ဆင်မောင်းနှင်ကြရန်၊ ခြေလျင်လျှောက်သူများ သတ်မှတ်လူကူးမျဉ်းကြား နေရာများမှသာ လမ်းဖြတ်ကူးကြရန် စသော အချက်များကို အသိပေးခဲ့ကြောင်း သိရသည်။
“ ဒီနေ့ တောင်ကြီးမြို့ ရှိ လမ်းပေါ်မှာ ပြည်သူလူထုများ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး ပညာပေး ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ပညာပေး ဆောင်ရွက်ရာတွင် ဆိုင်ကယ်စီးနင်းသူများ လိုက်နာ ရမည့် စည်းကမ်းချက်များ သိရှိစေရေး အတွက် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အသိပညာ ပေး ဆိုင်းဘုတ် နှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့် စည်းကမ်းကို စတစ်ကာကပ်၍ အသိပညာပေးခြင်း ၊ ဟန်း စပီကာ ဖြင့် အသိပညာပေးခြင်း လုပ်ငန်း ကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်”ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်းတောင်) ရုံးဦးစီး ဒုရဲမှူး စည်သူ က ဆိုသည်။
တောင်ကြီးမြို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အတွက် အသိပညာပေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။
စည်သာ(တောင်ကြီး)















