နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံရှိ စက်ရုပ်ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
Unitree Robotics Co., Ltd. အမည်ရှိ စက်ရုပ်များထုတ်လုပ်သည့် စက်ရုံသို့ ဇွန် ၁၉ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့က သွားရောက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့လေ့လာရာတွင် Unitree Robotics Co., Ltd. ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ဝမ်ရှင်းရှင်းနှင့်တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြပြီး Unitree Robotics Co., Ltd. မှထုတ်လုပ်ထားသည့် စက်ရုပ်ကလည်း နိုင်ငံတော်သမ္မတအား မြန်မာဘာသာဖြင့် “မြန်မာ” ရေးသား၍ ကြိုဆိုခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် စက်ရုံမှ ထုတ်လုပ်ထားသည့် စက်ရုပ်များ၊ စက်ရုပ်များ၏ အစိတ်အပိုင်းကိရိယာတစ်ခုချင်းစီအလိုက် ထုတ်လုပ်ထားရှိမှုများအား လိုက်လံကြည်ရှုလေ့လာရာကုမ္ပဏီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။
ထို့နောက် Unitree Robotics Co., Ltd. မှ ထုတ်လုပ်ထားသည့် စွမ်းဆောင်ရည်မြင့် တိရစ္ဆာန်ပုံသဏ္ဍာန် စက်ရုပ် (quadruped robots)၊ လူသားပုံသဏ္ဍာန်စက်ရုပ် (humanoidrobots) နှင့် အသိဉာဏ်တု နည်းပညာသုံးမော်ဒယ် (AI model) များ အသုံး ပြု၍ လူသားတစ်ဦးအသွင်ကဲ့သို့ လှုပ်ရှားသွားလာခြင်း၊ သဘာဝဘေးအန္တရာယ်များ တွင် အသုံးပြုခြင်း၊ မြန်မာသံစဉ်၊ တရုတ်သံစဉ်တို့ဖြင့် နှစ်နိုင်ငံမှ ရိုးရာအကများကို ကျွမ်းကျင် ပိုင်နိုင်စွာသရုပ်ပြသခြင်း၊ လက်ဝှေ့ထိုး၍ သရုပ်ပြသခြင်း၊ စက်ရုံအလုပ်ရုံ များ၊ နေအိမ်များ၌ ဝန်ဆောင်မှုလုပ်ငန်းများ၌ အသုံးပြုရာတွင် အသုံးပြုမှုသရုပ်ပြသ ခြင်း တို့ကို လုပ်ဆောင်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ Unitree Robotics Co., Ltd. သည် ကျုံကျန်းပြည်နယ်၊ ဟန်ကျိုးမြို့ တွင် ရုံးချုပ်ရှိသော ကမ္ဘာကျော် ပုဂ္ဂလိကစက်ရုပ်ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ ကုမ္ပဏီကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စွမ်းဆောင်ရည်မြင့် တိရစ္ဆာန်ပုံသဏ္ဍာန် စက်ရုပ် (quadruped robots)၊ လူသားပုံသဏ္ဍာန်စက်ရုပ် (humanoidrobots) နှင့် အသိဉာဏ်တုနည်းပညာသုံးမော်ဒယ် (AI model) များအားသုတေသနပြုထုတ်လုပ် ရောင်းချလျက်ရှိကြောင်း၊ ကုမ္ပဏီအနေဖြင့် နည်းပညာဆန်းသစ်တီထွင်မှုကို အထူး အလေးပေးထားကာ AI နည်းပညာများ၊ ရွေ့လျားမှုထိန်းချုပ်မှုအယ်လ်ဂိုရီသမ်များအပါအဝင် အဓိကအစိတ်အပိုင်းအားလုံးကို ကိုယ်တိုင်ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် Unitree Robotics Co., Ltd. ဥက္ကဋ္ဌ က နိုင်ငံတော်သမ္မတထံသို့ အထူးပြုလုပ်ထားသည့် စက်ရုပ်တစ်ရုပ်အား ဂါရဝပြုပေးအပ်ရာ နိုင်ငံတော်သမ္မတကအမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။















