အမေရိကန်တွင် B-52 ဗုံးကြဲလေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လူရှစ်ဦး သေဆုံး

အမေရိကန်တွင် B-52 ဗုံးကြဲလေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လူရှစ်ဦး သေဆုံး
Published 16 June 2026

ဇွန် ၁၅ ရက်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ လေတပ်စခန်းတစ်ခုတွင် B-52 ဗုံးကြဲလေယာဉ်တစ်စင်း ပျံတက်ပြီးနောက် မကြာမီအချိန်အတွင်း ပျက်ကျကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူရှစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါအကြီးစားဗုံးကြဲ လေယာဉ်သည် စစ်ဘက်၊ အစိုးရနှင့် အရပ်ဘက်ကန်ထရိုက်တာများ စုပေါင်းလိုက်ပါကာ ပုံမှန်စမ်းသပ်ပျံသန်းမှု မစ်ရှင်တစ်ခု လုပ်ဆောင်နေစဉ် လော့စ်အိန်ဂျလိစ်မြို့၏ မြောက်ဘက် မိုင် ၆၀ (၉၅ ကီလိုမီတာ) အကွာရှိ Edward လေတပ်စခန်း၌ မီးလုံးကြီးအသွင်ဖြင့် ပျက်ကျခဲ့ခြင်းဖြစ်သည်။

အဆိုပါလေယာဉ်ပျက်ကျမှု၏ နောက်ဆက်တွဲ ရုပ်သံမှတ်တမ်းများတွင် Boeing ကုမ္ပဏီထုတ် အဆိုပါဧရာမလေယာဉ်ကြီး၏ အပိုင်းအစ တစ်ခုမျှ မကျန်တော့ဘဲ မြေပြင်ပေါ်တွင် မီးကျွမ်းနေသည့် ကွက်လပ်ကြီးတစ်ခုကိုသာ တွေ့မြင်ခဲ့ရသည်။

“Edward လေတပ်စခန်း အနေနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ကြေကွဲစရာဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရပြီး ကျွန်တော်တို့ရဲ့ မွန်မြတ်တဲ့ အမေရိကန်နိုင်ငံသား ရှစ်ဦး ဆုံးရှုံးခဲ့ရပါတယ်” ဟု ဗိုလ်မှူးကြီး ဂျိမ်းစ်ဟေးစ်က လေတပ်စခန်း၌ သတင်းထောက်များကို ပြောကြားခဲ့သည်။         

Ref:AFP

Most Read

Most Recent