အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ အသက် ၈၀ ပြည့်မွေးနေ့ကို ထူးထူးခြားခြားပုံစံဖြင့် ဇွန် ၁၄ ရက်တွင် ဆင်နွှဲခဲ့သည်။ အိမ်ဖြူတော်မြက်ခင်းပြင်တွင် လက်ဝှေ့ပွဲမကျင်းပမီ အချိန်ပိုင်းအလိုတွင် ထရန့်က အီရန်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
ထရန့်သည် အိမ်ဖြူတော်တောင်ဘက်မြက်ခင်းပြင်တွင် "UFC Freedom 250" ပွဲကို ကြီးမှူးကျင်းပခဲ့ပြီး ထိပ်သီးလက်ဝှေ့သမား ၁၄ ဦး အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ကြသည်ကို စောင့်ကြည့်အားပေးခဲ့သည်။
အမေရိကန်ဒေါ်လာ သန်း ၆၀ ကုန်ကျသည့် အဆိုပါပွဲသည် ယခုနှစ်တွင် ကျရောက်သည့် အမေရိကန်လွတ်လပ်ရေး အနှစ် ၂၅၀ ပြည့်အထိမ်းအမှတ် အခမ်းအနားများနှင့် ဆက်စပ်နေပြီး သမ္မတထရန့်၏ အသက် ၈၀ ပြည့် မွေးနေ့နှင့်လည်း တိုက်ဆိုင်နေသည်။ ပွဲအတွက် ကုန်ကျစရိတ်အားလုံးကို UFC အဖွဲ့အစည်းက အပြည့်အဝ တာဝန်ယူထားကြောင်း အိမ်ဖြူတော်ကပြောသည်။
ထူးခြားမှုအဖြစ် ထိပ်သီးလက်ဝှေ့သမားအချို့က သမ္မတ၏ Oval Office ထဲမှနေ၍ တောင်ဘက်မြက်ခင်းပြင်သို့ ထွက်လာကြခြင်းဖြစ်သည်။ လက်ဝှေ့ပွဲများကို အနားရှစ်ဖက်ကြိုးဝိုင်းအတွင်း ပြုလုပ်ခဲ့ပြီး ပွဲကြည့်ပရိသတ် ၄,၀၀၀ ကျော်အတွက် ခုံများဖြင့် ဝန်းရံပြင်ဆင်ထားသည်။
အဆိုပါအခမ်းအနားတွင် ဆိုင်ကယ်စတန့်ပြပွဲများ၊ စစ်တီးဝိုင်းများ၊ အမေရိကန်စစ်ဘက်လေယာဉ်များ ပျံသန်းအလေးပြုခြင်းနှင့် လေထီးခုန်ပွဲများအပြင် အလှပြမီးရှူးမီးပန်းများကို ၁၀ မိနစ်ကြာ ပစ်ဖောက် အဆုံးသတ်ခဲ့သည်။ ထရန့်၏ မွေးနေ့ပွဲကြောင့် ဝါရှင်တန်မြို့လယ်ခေါင်တစ်ခုလုံး သက်ဝင်လှုပ်ရှားခဲ့ပြီး National Mall ရှိ ဧရာမစခရင်ကြီးများမှတစ်ဆင့် လူပေါင်း ၁၂၅,၀၀၀ ခန့်က ယခုပွဲကို အားပေးနိုင်ရန်လည်း စီစဉ်ပေးခဲ့သည်။
ပြီးခဲ့သည့်နှစ်က မွေးနေ့တွင်မူ ထရန့်က အမေရိကန်စစ်တပ်တည်ထောင်မှု အနှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ဝါရှင်တန်ဒီစီတွင် မကြုံစဖူး စစ်ရေးပြအခမ်းအနားကြီးကို ကြီးမှူးကျင်းပခဲ့သည်။ထရန့်သည် အမေရိကန်သမိုင်းတွင် ရာထူးတာဝန် စတင်ထမ်းဆောင်ချိန်၌ အသက်အကြီးဆုံး သမ္မတအဖြစ် မှတ်တမ်းဝင်ထားသည်။
■ Ref & Photo: AFP















