EAO များအနေဖြင့် ဇူလိုင် ၃၁ ရက်အတွင်း ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို အသိအမှတ်ပြုလျက် ဆွေးနွေးပွဲများ ဆောင်ရွက်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (NSPCC) ကကြေညာချက်အမှတ် ၁ / ၂၀၂၆ ဖြင့်ယနေ့(ဧပြီ၂၁ ရက်)တွင် ထုတ်ပြန်သည်။
NSPCC ၏ ထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ငြိမ်းချမ်းရေး လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များ မထားသည့်ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် လေးနက်စွာ ဖိတ်ခေါ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ NSPCC ၏ဖိတ်ခေါ်ချက်တွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ NCA ပါ သဘောတူညီ ချက်များကို ပြီးစီးအောင်မြင်သည်အထိ အတူတကွ ပူးတွဲ အကောင်အထည် ဖော်နိုင်ရေး တွေ့ဆုံဆွေးနွေးရန်နှင့် NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များအနေဖြင့် မိမိတို့ဒေသနှင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှစ်ဖက်သဘောတူညီ ထားသည့် သဘောတူညီချက်များအတိုင်း နိုင်ငံတော်အစိုးရနှင့် လက်တွဲပူးပေါင်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေး တွေ့ဆုံဆွေးနွေး မှုများ ဆောင်ရွက်ရန် ဖော်ပြပါရှိသည်။
ထို့ပြင် NCA လက်မှတ်ရေးထိုးထားပြီး အကြောင်းအမျိုးမျိုးကြောင့် NCA လမ်းကြောင်းမှ သွေဖည်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြင့် ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းအဖြေရှာနိုင်ရေး အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု (Political Dialogue)များ ပြန်လည် လုပ်ဆောင်ပါရန်နှင့် ယနေ့(ဧပြီ ၂၁ ရက်)မှစ၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို အသိအမှတ်ပြုလျက် ဆွေးနွေးပွဲများ ဆောင်ရွက်ရန် NSPCC က ဖိတ်ခေါ်ထားသည်။
သို့ဖြစ်ပါ၍ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် တိုင်းရင်းသား ပြည်သူလူထု၏ အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးဆန္ဒကိုရှေးရှုပြီး နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါရန်နှင့် ထိရောက်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးအတွက် သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ Stakeholder များမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းကြောင်း NSPCC ၏ ဖိတ်ခေါ်ချက်တွင် ဖော်ပြထားသည်။















