အမေရိကန်၏ အဖမ်းအဆီးရန်ကြောင့် ထိုင်းသို့ မသွားရန် ရုရှားက ၎င်း၏နိုင်ငံသားများကို သတိပေး

အမေရိကန်၏ အဖမ်းအဆီးရန်ကြောင့် ထိုင်းသို့ မသွားရန် ရုရှားက ၎င်း၏နိုင်ငံသားများကို သတိပေး
Published 15 June 2026
Ref: Khaosod English

အမေရိကန်အစိုးရ၏ တောင်းဆိုချက်အရ အဖမ်းအဆီး အန္တရာယ်ရှိသဖြင့် ထိုင်းနိုင်ငံသို့ ခရီးမသွားကြရန် ရုရှားနိုင်ငံက ပြီးခဲ့သည့်ရက်ပိုင်းတွင် ၎င်း၏နိုင်ငံသားများကို သတိပေးချက်ထုတ်ပြန်ခဲ့သည်။

အမေရိကန်၏ တရားစွဲဆိုမှုကို ရင်ဆိုင်ရနိုင်သည်ဟု သံသယအနည်းငယ် ရှိရုံမျှဖြင့် လေယာဉ်ခရီးစဉ် အကူးအပြောင်းအပါအဝင် ထိုင်းနိုင်ငံသို့ လုံးဝမသွားရောက်ကြရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့နိုင်ငံသားများကို သတိပေးလိုက်ခြင်းဖြစ်သည်။

အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများသည် ထိုင်းအာဏာပိုင်များကို ကျော်လွန်ကာ ရုရှားနိုင်ငံသားများကို ထောင်ချောက်ဆင် ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံသည် ရုရှားနိုင်ငံသားများကို ဖမ်းဆီးရန် အမေရိကန်၏ အဓိက ပစ်မှတ်နေရာများထဲမှ တစ်ခုဖြစ်နေသည်ဟု ဆိုကြောင်း Moscow Times အွန်လိုင်းသတင်းစာက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသည့် ရုရှားဟက်ကာဟု သံသယရှိသူ ဒန်းနစ် အိုဘရက်ဇ်ကိုအား အမေရိကန်တရားရုံးတွင် ရုံးထုတ်စစ်ဆေးသည့် မြင်ကွင်းပေါ်လာအပြီး ရုရှားအစိုးရ၏ ယခုသတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုင်းနှင့် အမေရိကန်တို့အကြား နှစ်နိုင်ငံ တရားခံလွှဲပြောင်းရေးစာချုပ် ရှိသည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်း-ရုရှား ဆက်ဆံရေး ခိုင်မာစွာ တည်ရှိနေဆဲဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်ပေါင်း ၁၃၀ ပြည့်မြောက်မည်ဖြစ်ကြောင်း ၊ ထိုင်းနိုင်ငံသည် မည်သည့်နိုင်ငံခြားသား ဧည့်သည်ကိုမဆို ကြိုဆိုလျက်ရှိပြီး ခရီးသွားများဘက်က ထိုင်းနိုင်ငံ၏ ဥပဒေများကို လိုက်နာကြရန် မျှော်လင့်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

 

Photo- Getty Images

Most Read

Most Recent