အန်ဒါဆန်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရရှိမှ နော်တင်ဟမ်ဖောရက်စ် ရောင်းထုတ်မယ်

အန်ဒါဆန်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရရှိမှ နော်တင်ဟမ်ဖောရက်စ် ရောင်းထုတ်မယ်
Photo: X
Photo: X
Published 10 June 2026

နော်တင်ဟမ်ဖောရက်စ်အသင်းက အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား အဲလိယော့အန်ဒါဆန်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရရှိမှ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

အန်ဒါဆန်(၂၃ နှစ်)ကို မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ မန်ယူတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မန်စီးတီးအသင်းက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

မန်စီးတီးအသင်း ကမ်းလှမ်းခဲ့တဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးကို မသိရပေမဲ့ နော်တင်ဟမ်ဖောရက်စ်က ငြင်းပယ်ခဲ့ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ မန်စီးတီးအသင်းက ပေါင်သန်း(၈၀)ဝန်းကျင်နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းဖို့ စီစဉ်နေတာကြောင့် နော်တင်ဟမ်ဖောရက်စ်အသင်းအနေနဲ့ အန်ဒါဆန်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရရှိမှသာ ရောင်းထုတ်ဖို့ရည်ရွယ်ထားကြောင်း မီဒီယာတွေက ထပ်မံဖော်ပြခဲ့ကြတာပါ။

လက်ရှိအချိန်မှာ ဗြိတိန်ကစားသမားတွေထဲ ပြောင်းရွှေ့ကြေးအမြင့်ဆုံးအဖြစ် စံချိန်တင်ထားသူက ဝက်စ်ဟမ်းကနေ အာဆင်နယ်ကို ပေါင်(၁၀၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဒက်ကလန်ရိုက်စ် ဖြစ်ပါတယ်။

ဒါကြောင့် မန်စီးတီးရဲ့ ဒုတိယအကြိမ်ကမ်းလှမ်းမှုက ပေါင်(၁၀၅)သန်းအထက်ရှိမှသာ နော်တင်ဟမ်အသင်းက လက်ခံစဉ်းစားလိမ့်မယ်လို့လည်း ဗြိတိန်မီဒီယာတွေက သုံးသပ်နေကြပါတယ်။

ဒါ့အပြင် မန်ယူအသင်းက အန်ဒါဆန်အတွက် ပေါင်သန်း(၁၀၀)အထက် သုံးစွဲဖို့ အသင့်ရှိနေကြောင်းလည်း ဖော်ပြခဲ့ကြပါတယ်။

Most Read

Most Recent