တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းနှင့်အမှတ်စာရင်းများ ကြိုတင်ကြည့်ရှူပေးမည်ဆိုကာ ငွေကြေးလိမ်လည်တောင်းခံမှုများရှိနေ

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းနှင့်အမှတ်စာရင်းများ ကြိုတင်ကြည့်ရှူပေးမည်ဆိုကာ ငွေကြေးလိမ်လည်တောင်းခံမှုများရှိနေ
Published 10 June 2026

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းနှင့်အမှတ်စာရင်းများ ကြိုတင်ကြည့်ရှူပေးမည်ဆိုကာ ငွေကြေးလိမ်လည်တောင်းခံမှုများရှိနေသည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးသည်။

အောင်စာရင်းကိုအကြောင်းပြု၍ လိမ်လည်မှုများသည် နှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး စာမေးပွဲဖြေဆိုသူများနှင့် မိဘများသည်လည်း နှစ်စဉ်အသစ်ဖြစ်သဖြင့် မသိနားမလည်မှုများကြောင့် အလိမ်ခံရခြင်းမှ ကာကွယ်နိုင်ရန် သတိပေးနှိုးဆော်ရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဆိုသည်။

လတ်တလောကာလတွင် အများပြည်သူ၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအပေါ် စိတ်ပါဝင်စားမှု မြင့်မားခြင်းကို အခွင့်ကောင်းယူ၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် "အောင်စာရင်းနှင့် အမှတ်စာရင်းများကို ကြိုတင်ကြည့်ရှုပေးမည်" ဟူသော ဆွဲဆောင်မှုများဖြင့် အခကြေးငွေ လိမ်လည်တောင်းခံနေသည့် မသမာသူများကို တွေ့ရှိရသည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။

မသမာသူများသည် အစပိုင်းတွင် "ပညာဒါနအဖြစ် အခမဲ့ကြည့်ရှုပေးမည်" ဟုဆိုကာ ဆွဲဆောင်ပြီး စာမေးပွဲဖြေဆိုသူများ၏ ခုံအမှတ်များကို ရယူကြောင်း၊ ယင်းနောက် ခုံအမှတ်လာရောက်မေးမြန်းသူများအား "စာမေးပွဲကျရှုံးသဖြင့် ငွေပေးပါက အောင်မြင်အောင် ဆောင်ရွက်ပေးမည်" သို့မဟုတ် "ဂုဏ်ထူးရရှိအောင် လိုက်လံဆောင်ရွက်ပေးမည်" ဟုဆိုကာ ငွေကြေးများ လိမ်လည်တောင်းခံလေ့ရှိကြောင်း သိရသည်။ ထို့ပြင် ပိုမိုဆိုးရွားသော လိမ်လည်သူများသည် လူမှုကွန်ရက်အကောင့်တု ၃၊ ၄ ခုခန့်ကို စနစ်တကျအသုံးပြုကာ မူရင်းလိမ်လည်မည့်အကောင့်ကို တိုက်ရိုက်မကြော်ငြာဘဲ အခြားအကောင့်တစ်ခုမှ "မိမိအမျိုးအဆွေများ၏ အောင်စာရင်းကို ကြည့်ရှုပေးသည့် ဆရာဖြစ်ကြောင်း" လမ်းညွှန်အယုံသွင်း၍ အဆင့်ဆင့် လိမ်လည်လှည့်ဖြားလျက်ရှိနေသည်ဟု သိရသည်။

ဌာနအနေဖြင့်လည်း အောင်စာရင်းနှင့်ပတ်သက်သည့် ကြီးလေးသောတာဝန်များကို သယ်ပိုးထားရခြင်းဖြစ်၍ အခြားသူများထက် အောင်စာရင်းကို အမြန်ဆုံး ကြေညာပေးလိုကြောင်း၊ စာမေးပွဲအောင်စာရင်းလုပ်ငန်းစဉ်များကို သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ တိကျမှန်ကန်စွာ ဆောင်ရွက်ရသဖြင့် လိုအပ်သည့်အချိန်ကို ရယူဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဆိုသည်။ ထို့ပြင် အောင်စာရင်းကြည့်ရှုနိုင်သည်ဟုဆိုကာ ပျံ့နှံ့နေသော Application များအားလုံးသည် ပြင်ပမှ အလွတ်သဘောရေးဆွဲထားသော App များသာဖြစ်ပြီး အချက်အလက် တိကျမှန်ကန်စွာ ကြည့်ရှုနိုင်ခြင်း ရှိ/မရှိအတွက် အာမခံချက် လုံးဝမရှိသည့်အပြင် ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံမှုဆိုင်ရာ ဘေးအန္တရာယ်များ ရှိနိုင်သဖြင့် အထူးသတိပြုဆင်ခြင်ကြရန် လိုအပ်သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။

 တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို လွယ်ကူစွာ ရှာဖွေကြည့်ရှုနိုင်ရေးအတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် တရားဝင်ဝက်ဘ်ဆိုက် (Official Website) များကို အသုံးပြု၍သာ ထုတ်ပြန်ကြေညာပေးလျက်ရှိပြီး စာစစ်ဌာနအလိုက် အောင်စာရင်းဖိုင်များကို ဒေါင်းလုဒ်ရယူကြည့်ရှုနိုင်သည့် စနစ်အပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်မှစတင်ကာ မိမိတို့၏ ခုံအမှတ်ကို ရိုက်ထည့်၍ တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်သော ဝက်ဘ်ဆိုက်စနစ်သစ်ကိုလည်း မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။  ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ရာတွင်လည်း ခုံအမှတ်ဖြင့် တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်မည့်စနစ်ကို https://result.dme.gov.mm ဝက်ဘ်ဆိုက်တွင် လွှင့်တင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟုမြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent