တောင်ကြီး အထက(၁) ကျောင်းတွင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ လမင်းစီမံချက် နိုင်ငံသားစီစစ်ရေး ကတ်ပြား နှင့် UID ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက် တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၁၀) နှစ် ပြည့်ပြီးသော ကျောင်းသား ကျောင်းသူများကို နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် UID ကတ်များ နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးနေကြောင်း သိရသည်။
၂၀-၄-၂၀၂၆ မှ ၃၁-၇-၂၀၂၆ အထိ ရက်ပေါင်း ၁၀၀ ဆောင်ရွက်ပေးသွားမည့် လမင်းစီမံချက်အနေဖြင့်အပိုင်း ၂ ပိုင်း နှင့် ဆောင်ရွက်ပေးနေပြီး၊ ပထမအပိုင်းအသက် ၁၈ နှစ်ပြီး နိုင်ငံသားကတ် မရှိသေးသူများနှင့် UID ကတ်မရိုက်ရသေးသူများကို သက်ဆိုင်ရာ လဝကမြို့နယ်ရုံးအသီးသီးတွင် ဆောင်ရွက်ပေးလျက်ရှိကာ၊ ဒုတိယပိုင်းအနေဖြင့် အသက် ၁၀ နှစ် ပြည့်ပြီးသော ကျောင်းသား ကျောင်းသူများကို အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ချိန်တွင် ကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရရှိလာမည့် အကျိုးကျေးဇူးများမှာ ပြည်သူလူထု၏ လူမှုစီးပွားတိုးမြှင့်ရန်အတွက် နိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ်ပေးခြင်းအားဖြင့် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ပညာသင်ကြားရေး၊ အလုပ်အကိုင် အခွင့်အလမ်းတို့တွင်၊သာမက ပြည်တွင်းပြည်ပသွားလာရေး နှင့် ဘဏ်စာရင်းဖွင့်လှစ်ခြင်းတို့တွင် လည်းကောင်း၊ ပြည်သူလူထု မရွေ့ပြောင်းနိုင်သော ပစ္စည်းများတွင် သုံးစွဲရန် နိုင်ငံသားစီစစ်ရေးကတ်ပြားကို အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ကြောင်း လ.ဝ.က တောင်ကြီးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထူးအောင်က ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင်ရှိသော မြို့နယ်ပေါင်း ၂၁ မြို့နယ် ၊ တောင်ကြီးခရိုင်တွင် တောင်ကြီးမြို့နယ် ဦးစီးမှူးရုံး နှင့် ရပ်စောက်မြို့နယ် ဦးစီးမှူးရုံးတို့တွင် တပြိုင်နက် ဆောင်ရွက်ပေးနေကြောင်း သိရသည်။ တောင်ကြီးမြို့နယ်ရှိ တောင်ကြီး၊ အေးသာယာ၊ ရွှေညောင် နှင့် ကျောက်တစ်လုံးကြီး တို့တွင် ရှိသော အခြေခံ ပညာ အထက်တန်းကျောင်းတို့တွင် တစ်ကျောင်းပြီး တစ်ကျောင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆိုသည်။
“ဒီနေ့ ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်ကတော့ အစိုးရသစ်ကာလမှာ လူကြီးတွေ ရဲ့ လမ်းညွှန်ချက်အရ ရက် ၁၀၀ စီမံချက်ကို ဆောင်ရွက်လျက်ရှိပါတယ်။ အသက် ၁၈ နှစ် ပြည့်ပြီးသူတွေ ရုံးတွေမှာ ဆောင်ရွက်ပေးနေတဲ့ နည်းတူ၊ ရုံးမှာလည်း ပြောင်းဝင် ပြောင်းထွက်တွေနောက် မွေးတိုးလုပ်ငန်းတွေ ၊ မွေးဖွားခြင်း သေဆုံးခြင်း လုပ်ငန်းတွေ ရုံးမှာ တစ်ဖွဲ့ပေါ့ ၊ အဖွဲ့လေးဖွဲ့ ဆောင်ရွက်တာပေါ့။ ယနေ့ ကွင်းဆင်းတာကတော့ အဖွဲ့ ၂ ဖွဲ့ပေါ့။ ရုံးမှာလည်း အဖွဲ့ ၂ ဖွဲ့ ဆောင်ရွက်ပေးနေတာပေါ့ ” ဟု တောင်ကြီးခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းထူးအောင် က ပြောသည်။















