ဘုရားသုံးဆူဒေသရှိ အွန်လိုင်ငွေလိမ်လုပ်ငန်း (Scammer) စင်တာများသို့ သွားရောက်မည့် တရုတ်နိုင်ငံသား (၄) ဦးအား IPhone အလုံး (၈၀) ကျော်ဖြင့် ဖမ်းဆီးရမိ

ဘုရားသုံးဆူဒေသရှိ အွန်လိုင်ငွေလိမ်လုပ်ငန်း (Scammer) စင်တာများသို့ သွားရောက်မည့် တရုတ်နိုင်ငံသား (၄) ဦးအား IPhone အလုံး (၈၀) ကျော်ဖြင့် ဖမ်းဆီးရမိ
Published 7 June 2026

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ ကန်ချနဘူရီမြို့အတွင်း မော်တော်ယာဉ်တစ်စီးပေါ်မှ ဘုရားသုံးဆူဒေသရှိ အွန်လိုင်ငွေလိမ်လုပ်ငန်း (Scammer) စင်တာများသို့ သွားရောက်မည့် တရုတ်နိုင်ငံသား (၄) ဦးအား IPhone အလုံး (၈၀) ကျော်ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၅) ရက်နေ့က ကန်ချဘူရီခရိုင်ရဲတပ်ဖွဲ့မှူး၏ ညွန်ကြားချက်အရ၊ ရဲတပ်ဖွဲ့ဝင်များမှ ကန်ချနဘူရီမြို့အတွင်း လုံခြုံရေးနှင့် မူခင်းကြိုတင်ကာကွယ်ရေးအတွက် ပါတ်ပရက် (Pak Phraek) နယ်မြေအတွင်းရှိ ဘိုင်ပတ်စ် (Bypass) လမ်းမကြီးပေါ် လှည့်ကင်းဆောင်ရွက်နေစဉ် ကဲန်ဆီယံ (Kaeng Sian) ရပ်ကွက်ထဲရှိ လမ်းကြားတစ်ခုအတွင်း တက္ကစီယာဉ်တစ်စီးပေါ်မှ လူနှင့် ပစ္စည်းများအား တခြားမော်တော်ယာဉ်တစ်စီးပေါ်သို့ အပြောင်းအလဲလုပ်ဆောင်နေကြသည်ကို ရဲတပ်ဖွဲ့ဝင်များက သံသယဖြစ်ဖွယ် တွေ့ရှိခဲ့ကြရသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်မောင်းနှင်သူ  အသက် (၃၄) နှစ်အရွယ် မွန်လူမျိုး အမျိုးသားတစ်ဦးနှင့်အတူ မော်တော်ယာဉ်ပေါ်တွင် တရုတ်နိုင်ငံသား (၄) ဦးတွေ့ရှိ၍ စစ်ဆေးခဲ့ရာတွင် တရုတ်နိုင်ငံသား (၄) ဦးအနက် (၃) ဦးမှာမည်သည့်အထောက်အထားမှ မတွေ့ရသည့်အပြင်၊ ကျန် (၁) ဦးမှာလည်း ပတ်စ်ပို့စ်ရှိသော်လည်း ဗီဇာသက်တမ်းကုန်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြရသည်။

ထို့နောက် ယင်းမော်တော်ယာဉ်ပေါ်ဝှက်ထားသည့် အနက်ရောင်အိတ်တစ်လုံးအား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ IPhone အသစ် (၇၇) လုံးတွေ့ရှိခဲ့ရပြီး ၎င်းတရုတ်နိုင်ငံသားများကိုင်ဆောင်ထားသည့် IPhone (၄) လုံးအပါအဝင် စုစုပေါင်း ဖုန်း (၈၁) လုံးအား ရဲတပ်ဖွဲ့က သက်သေများအဖြစ်သိမ်းဆည်းရမိခဲ့သည်။

ယင်းနောက် မော်တော်ယာဉ်မောင်းနှင့် တရုတ်နိုင်ငံသား (၄) ဦးအား စကားပြန်တဆင့် စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ရာ ၎င်းတို့မှာ ကမ္ဘောဒီးယာနိုင်ငံမှတဆင့် ထိုင်းနိုင်ငံထဲသို့ ခိုးဝင်လာကြပြီးနောက် မြန်မာနိုင်ငံ ဘုရားသုံးဆူဒေသရှိ အွန်လိုင်ငွေလိမ်လုပ်ငန်း (Scammer) စင်တာများသို့ သွားရောက်ကြမည့်သူများဖြစ်ကြောင်းနှင့် ၎င်းတို့နှင့်အတူ စင်တာတွင်အသုံးပြုရန် IPhone များကိုတစ်ပါတည်းယူဆောင်လာကြခြင်းဖြစ်ကြောင်းကို စစ်ဆေးပေါ်ပေါက်ခဲ့သည်။

မော်တော်ယာဉ်မောင်းဖြစ်သူကလည်း ထို တရုတ်နိုင်ငံသားများအား ချိန်းဆိုထားသည့်နေရာသို့ ပို့ဆောင်ပေးရန် ဘတ် (၂၀၀၀) ရရှိ၍ ယခုကဲ့သို့ လိုက်ပါပို့ဆောင်ပေးခြင်းဖြစ်ကြောင်းကိုလည်း ဝန်ခံထွက်ချက်ပေးထားကြောင်း ထိုင်းသတင်းများက ဆိုထားကြသည်။

ထိုဖြစ်စဉ်မှ ယာဉ်မောင်းဖြစ်သူနှင့် တရုတ်နိုင်ငံသား (၄) ဦးတို့အား ကန်ချနဘူရီမြို့နယ်ရဲစခန်းသို့ ပို့ဆောင်ထားကာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်းနှင့် ဥပဒေများနှင့်အညီ အရေးယူရန်ဆောင်ရွက်နေကြောင်း၊ ကွင်းဆက်တရားခံများကိုလည်း စုံစမ်းဖေါ်ထုတ်မှုများလုပ်ဆောင်နေကြောင်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။

ဘိုဘိုမြင့်

Photo Credit – Thai News

Most Read

Most Recent