ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၂၂၁ မိုင်အနီးတွင် ဇွန် ၆ ရက် ညပိုင်းက ခရီးသည်တင် မှန်လုံယာဉ် ၃ စီးအပါအဝင် ယာဉ် ခြောက်စီး ဆင့်တိုက်မှုဖြစ်ပွား၍ ခရီးသည်တင်မှန်လုံယာဉ်များပေါ်မှ ခရီးသည် (၉) ဦးခန့် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိသွားခဲ့ပြီး နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၆ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်အချိန်ခန့်၌ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် လမ်းမကြီးအတိုင်း မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်းပါ ကျား(၇)ဦး၊ မ(၁၃)ဦး စုစုပေါင်း (၂၀)ဦး လိုက်ပါလာသည့် Yutong အမျိုးအစား၊ ဖြူ/ပြာကြား 6P------/၊ ကောင်းမြတ်မန်း Express မှန်လုံယာဉ်သည် လမ်းမကြီးမိုင်တိုင်အမှတ် ၂၂၁ မိုင် ၇ ဖာလုံအနီးသို့အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ Guard Rail တန်းများနှင့်လမ်းလယ်ကျွန်း အား ဝင်ရောက်တိုက်မိပြီးနောက် လမ်းပေါ်တွင် ကန့်လန့်ဖြတ်အနေအထားဖြင့် ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် လားရာတူနောက်မှမောင်းနှင်လာကြသော Toyota Alphard (အဖြူရောင်) ယာဉ် ၊Harrier နက်ပြာရောင်ယာဉ်နှင့် 7N/--- Isuzu အမျိုးအစား အဖြူရောင်ကုန်တင်ယာဉ်တို့အနက် Toyota Alphard (အဖြူရောင်) ယာဉ်တစီးသည် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး ရပ်တန့်နေသည့် ကောင်းမြတ်မန်း Express မှန်လုံယာဉ်၏နောက် လက်ယာဘက်ယာဉ်ကြောတွင် လည်းကောင်း အခြား Harrier နက်ပြာရောင်ယာဉ်နှင့် 7N/--- Isuzu အမျိုးအစား အဖြူရောင်ကုန်တင် ယာဉ်နှစ်စီးတို့မှာ ကောင်းမြတ်မန်း Express မှန်လုံယာဉ်၏နောက် လက်ဝဲဘက် ယာဉ်ကြောပေါ်တွင် လည်းကောင်း (၂)စီးဆင့်၍ ရပ်တန့်ထားခဲ့ကြကြောင်း သိရသည်။
ထိုသို့ရပ်တန့်ထားစဉ် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား(၈)၊ မ(၁၉) ဦး စုစုပေါင်း (၂၇)ဦး လိုက်ပါလာသည့် Yutong အမျိုးအစား နီဝါကြားရောင် 5K/--- သိန်းသန်းကုဋေ Express မှန်လုံယာဉ်မှ Harrier နက်ပြာရောင် ယာဉ်နှင့် 7N/----- Isuzuအမျိုးအစား အဖြူရောင်ကုန်တင်ယာဉ်တို့အား ပွတ်တိုက်ကာ လက်ယာဘက် ယာဉ်ကြောပေါ်တွင် ရပ်တန့်ထားသည့် Toyota Alphard (အဖြူရောင်) ယာဉ်အား ထပ်မံဝင်ရောက် တိုက်မိပြီးနောက် ရပ်တန့်သွားခဲ့ကြောင်း၊ ထိုကဲ့သို့တိုက်မိပြီး ရပ်တန့်သွားစဉ် လားရာတူ နောက်မှ မောင်းနှင်လာသော ယာဉ်မောင်း ပါ ကျား(၁၅) ဦး၊ မ(၂၅)ဦး၊ ပေါင်း(၄၀)ဦး လိုက်ပါလာသည့် Yutong အမျိုးအစား နီ/ဝါရောင် 6M/-----၊ ဇေယျာမြိုင် ကြီး ခရီးသည်တင် (Express) ယာဉ်မှ 7N/--- Isuzu အဖြူရောင် ကုန်တင်ယာဉ်အား နောက်မှထပ်မံပွတ်တိုက်ခဲ့ကာ 5K----- သိန်းသန်းကုဋေ ခရီးသည်တင် (Express)ယာဉ်အား အရှိန်ဖြင့် ဝင်တိုက်မိကာ တိုက်မိသည့် အရှိန်ကြောင့် 5K/------ သိန်းသန်းကုဋေ ခရီးသည်တင် (Express)ယာဉ်မှ Harrier နက်ပြာရောင် ယာဉ်အား ထပ်မံတိုက်မိပြီး မော်တော်ယာဉ်များ ဆင့်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသည်။
အဆိုပါယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် ကောင်းမြတ်မန်း Express ယာဉ်၊ Toyota Alphart (အဖြူရောင်)ယာဉ်၊ Toyota Harrier (အဖြူရောင်)ယာဉ်နှင့် Isuzu (အဖြူရောင်)ယာဉ်(၄)စီးတို့မှ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း 6M/----- ဇေယျာမြိုင်ကြီး ခရီးသည်တင် (Express) ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များအနက် ယာဉ်မောင်းပါ ကျား(၃)ဦး မ(၅)ဦးနှင့် 5K/-----သိန်းသန်း ကုဋေ (Express)ယာဉ်ပေါ်လိုက်ပါလာသည့် ခရိီးသည်များအနက် မ(၁)ဦးအပါအဝင် စုစုပေါင်း ခရီးသည်(၉)ဦး တို့မှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ်) အသီးသီးရရှိခဲ့သဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ပိုင်ယာဉ်နှင့် သုခဒါနလူမှုကူညီ ရေးအသင်းမှ မော်တော်ယာဉ်များဖြင့် နေပြည်တော် ကုတင်(၁၀၀၀)သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အမြန်လမ်းအသုံးပြုသည့် မှန်လုံ express ယာဉ်အားလုံး သတ်မှတ်အမြန်နှုန်းအောက်သာမောင်းနှင်ရန်၊ တစ်စီးနှင့်တစ်စီး ကပ်မလိုက်ကြရန်၊ ယာဉ်အားလုံးအနည်းဆုံး ၃၀၀ ပေအကွာထား၍မောင်းနှင်ရန်၊ ယာဉ်မောင်းများ အနေဖြင့် ဘာကြောင့်ရပ်ရပ် မြေသားလမ်းတာပေါင် အတွင်းသို့ အပြည့်အဝ ရောက်ရှိရပ်တန့်ရန်၊ ညအခါ ယာဉ်ရပ်နားစဉ် parking light ရပ်နားမီး ၊ Side Lamp ဆိုင်းလင့်မီးဖွင့်ထားရန်၊ ပုံမှန်မောင်းနှင်ပါက လက်ယာဖက်ကပ် မောင်းကြပါရန်နှင့် ကျော်တက်ရန်အတွက်သာ လက်ဝဲဖက် ယာဉ်ကြောကို သုံးစွဲကြပါရန် ၊မိုးရွာ/လမ်းရေစိုနေစဉ် အထူးသတိထား၍ မောင်းနှင်ကြပါရန် ၊ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် အရှိန်နှုန်းအောက်သာမောင်းနှင်ကြပါရန် နှင့် အိပ်မငိုက်စေရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေး နှင့်ကြီးကြပ်ရေးအဖွဲ့မှ သတိပေးထုတ်ပြန်ထားကြောင်း သိရသည်။















