ဘင်းမ်စတက်အဖွဲ့ကို ပြည်သူများအတွက် လက်တွေ့ကျသည့် အကျိုးကျေးဇူးများကို ဖော်ဆောင်ပေးနိုင်သည့် ပိုမိုထိရောက်သော၊ ရလဒ်ကို အခြေခံသော၊ တုံ့ပြန်မှုအားကောင်းသော ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အတူတကွလက်တွဲဆောင်ရွက်ရန် တိုက်တွန်းကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သဝဏ်လွှာပေးပို့သည်။
ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် တည်ထောင်မှု (၂၉) နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက ထိုသို့ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (ဘင်းမ်စတက်) ၏ (၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့မင်္ဂလာအခါသမယတွင် မိမိအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများကိုယ်စား ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံအစိုးရများ၊ ပြည်သူများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးရုံးတို့ကို နွေးထွေးစွာ နှုတ်ခွန်းဆက်သလျက် ဆုတောင်းမေတ္တာပို့သအပ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဘန်ကောက်ကြေညာစာတမ်းမှတစ်ဆင့် ပေါ်ပေါက်လာသည့် ဘင်းမ်စတက်အဖွဲ့ကြီးသည် တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် မိတ်ဖက်စိတ်ဓာတ်ဟူသော အခြေခံမူများကို လိုက်နာလျက် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများကို အရှိန်အဟုန်မြှင့်တင်ရန်အတွက် အရေးပါသော ပလက်ဖောင်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ၂၉ နှစ်တာကာလအတွင်း ဘင်းမ်စတက်အဖွဲ့သည် ၎င်း၏ အဖွဲ့အစည်းဆိုင်ရာ မူဘောင်များကို ခိုင်မာစေရန်နှင့် ဦးစားပေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်ရန်အတွက် မြဲမြံစွာဆက်လက်ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ထိုသို့ စုပေါင်းအားထုတ်မှုများသည် အဖွဲ့အစည်း၏ ထိရောက်မှုကို မြှင့်တင်ပေးရုံသာမက ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအတွက် အနှစ်သာရရှိသော ၎င်း၏အခန်းကဏ္ဍကိုလည်း ပိုမိုခိုင်မာစေခဲ့ကြော်ဖော်ပြထားသည်။
ထို့အတူ လာမည့်နှစ်တွင် ဘင်းမ်စတက်အဖွဲ့တည်ထောင်မှု နှစ် (၃၀) ပြည့်မြောက်မည်ဖြစ်ရာ မိမိတို့အနေဖြင့် ရရှိခဲ့သည့်အောင်မြင်မှုများကို ပြန်လည်သုံးသပ်၍ ပိုမိုမြင့်မားသော ရည်မှန်းချက် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်သွားရမည်ဖြစ်ကြောင်း၊ ဘင်းမ်စတက်အဖွဲ့ကို မိမိတို့၏ ပြည်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများကို ဖော်ဆောင်ပေးနိုင်သည့် ပိုမိုထိရောက်သော၊ ရလဒ်ကို အခြေခံသော၊ တုံ့ပြန်မှုအားကောင်းသော ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိမိတို့ အတူတကွလက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ကြောင်း နိုင်ငံတော်သမ္မတက သဝဏ်လွှာတွင် ရေးသားထားသည်။
ဘင်းမ်စတက်အထိမ်းအမှတ်နေ့သည် မိမိတို့ဒေသအတွင်းရှိ ကြီးမားသော အလားအလာများနှင့် ထိုအလားအလာများကို အသုံးချရာတွင် ညီညွတ်မှု၏ အရေးပါပုံကို သတိပြုမိစေရန် နှိုးဆော်ပေးသည့် အချိန်အခါသမယပင်ဖြစ်ကြောင်း၊ မိမိတို့အားလုံး စုပေါင်း၍ လက်ရှိမျိုးဆက်နှင့် နောင်မျိုးဆက်သစ်များအတွက် ပိုမိုကြံ့ကြံ့ခံနိုင်ပြီး တက်ကြွကာ ပြည်သူကိုဗဟိုပြုသော ဘင်းမ်စတက်အသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားရန် နိုင်ငံတော်သမ္မတက သဝဏ်လွှာတွင် တိုက်တွန်းထားသည်။
BIMSTEC အဖွဲ့ကို ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ထိုစဥ်က ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်း လေးနိုင်ငံသာ ပါဝင်ကာ (Bangladesh-India-Srilanka-Thailand Economic Cooperation) BISTEC ဟုခေါ်ဆိုခဲ့ပြီးမြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီး (Bangladesh-India-Myanmar-Srilanka-Thailand-Economic Cooperation) BIMSTEC ဟု အမည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၂၀၀၄ ခုနှစ်မှာ ဘူတန်နှင့် နီပေါနိုင်ငံများသည် အဖွဲ့ဝင်နိုင်ငံသစ်တွေအဖြစ် ပါဝင်လာခဲ့ပြီး ဘင်းမ်စတက်အဖွဲ့သည် တောင်အာရှနှင့် အရှေ့တောင်အာရှ၊ ထိုမှတစ်ဆင့် အရှေ့အာရှဒေသသို့ ဆက်သွယ်ပေါင်းကူးရေးအတွက် အရေးကြီးသည့်အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သည်။















