ထိုင်းရဲတပ်ဖွဲ့သည် ဘန်ကောက်မြို့တော်၏ Lat Krabang အရပ်ဒေသရှိ ကုန်လှောင်ရုံတစ်ခုအား ဇွန် ၅ ရက်က ဝင်ရောက်စီးနင်းခဲ့ချိန်တွင် ဘတ် ၂ သန်းခန့် တန်ဖိုးရှိသည့် တရားမဝင် ဖြည့်စွက်စာများ၊ အလှကုန်များနှင့် တိုင်းရင်းဆေးဝါး ပစ္စည်းပေါင်း ၁၅၀၀၀ နီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အဆိုပါ စီးနင်းမှုကို ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)၊ စားသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့ (CPPD) ၏ ဌာနခွဲ (၅) နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တို့မှ တာဝန်ရှိသူများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
FDA က အွန်လိုင်းပလက်ဖောင်းများပေါ်တွင် ရောင်းချနေသည့် ကျန်းမာရေးထုတ်ကုန်များကို စုံစမ်းစစ်ဆေးပြီးနောက် ယခုကဲ့သို့ ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။
ထိုသို့ စုံစမ်းရာတွင် စားသုံးသူများကို လှည့်စားရန်အတွက် အခြားထုတ်ကုန်တစ်ခု၏ FDA မှတ်ပုံတင်နံပါတ်ကို အသုံးပြုကာ မမှန်မကန် ဖော်ပြထားသည့် VTEAY Magnesium Glycinate + Zinc အမှတ်တံဆိပ် ဖြည့်စွက်စာကို တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိခဲ့သည်။
ယခုစီးနင်းမှုသည် ပြီးခဲ့သည့် မေ ၂၁ ရက်နေ့က Min Buri ရှိ ကုန်လှောင်ရုံတစ်ခုကို ဝင်ရောက်ရှာဖွေခဲ့သည့် ယခင်စစ်ဆင်ရေး၏ နောက်ဆက်တွဲအဖြစ် ဆက်လက်ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခု စီးနင်းမှုအတွင်း ဖြည့်စွက်စာ၊ အလှကုန်နှင့် တိုင်းရင်းဆေးဝါးပစ္စည်း စုစုပေါင်း ၁၄၉၃၉ ခုကို သိမ်းဆည်းရမိခဲ့ပြီး ခန့်မှန်းခြေ ကာလတန်ဖိုးမှာ ဘတ် ၂ သန်းကျော် ရှိသည်။
Lat Krabang ရှိ အဆိုပါကုန်လှောင်ရုံကို တရုတ်နိုင်ငံသားတစ်ဦးက ငှားရမ်းထားခြင်းဖြစ်ပြီး ၎င်းသည် အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် ထုတ်ကုန်အတုများကို ကြော်ငြာရောင်းချခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။
အဆိုပါ ထုတ်ကုန်များကို ပြည်ပမှ ထိုင်းနိုင်ငံအတွင်းသို့ မှောင်ခိုတင်သွင်းလာခြင်းဖြစ်ပြီး ဝယ်သူများထံမှ အော်ဒါများကို စောင့်ဆိုင်းနေချိန်တွင် ထိုကုန်လှောင်ရုံ၌ သိုလှောင်ထားခြင်း ဖြစ်သည်။
ထို့ပြင် အော်ဒါများကို ပါဆယ်ထုပ်ပိုးကာ ထိုင်းတစ်နိုင်ငံလုံးရှိ ဝယ်သူများထံသို့ ပို့ဆောင်ပေးခဲ့ပြီး တစ်ရက်လျှင် ပစ္စည်းအမျိုးအစား ၃၀၀၀ ခန့်အထိ ရောင်းချခဲ့ရကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။
ယခုတရားမဝင် လုပ်ငန်းလည်ပတ်မှုသည် တစ်နှစ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း ယူဆရသည်။
VTEAY Magnesium Glycinate + Zinc ဖြည့်စွက်စာအား ကနဦးစစ်ဆေးချက်အရ ၎င်း၏တံဆိပ်ပေါ်တွင် မဂ္ဂနီဆီယမ် ၆၀၀ မီလီဂရမ် ပါဝင်သည်ဟု ဖော်ပြထားသဖြင့် ယင်းပမာဏသည် တရားဝင်ခွင့်ပြုထားသည့် တစ်ရက်တာ အမြင့်ဆုံးသောက်သုံးရမည့်ပမာဏ ၃၅၀ မီလီဂရမ်ထက် ကျော်လွန်နေကြောင်း တွေ့ရှိရသည်။
ထို့ကြောင့် အဆိုပါထုတ်ကုန်ကို ဆေးဝါးများဆိုင်ရာအက်ဥပဒေအရ ဆေးဝါးအဖြစ် သတ်မှတ်ကန့်သတ်လိုက်သည်။
တာဝန်ရှိသူများ၏ ပြောကြားချက်အရ ယခုဖြစ်စဉ်နှင့် ပတ်သက်ဆက်နွှယ်သူများသည် ဆေးဝါးများဆိုင်ရာအက်ဥပဒေ၊ အလှကုန်ပစ္စည်းများဆိုင်ရာအက်ဥပဒေနှင့် တိုင်းရင်းဆေးဝါးထုတ်ကုန်များဆိုင်ရာအက်ဥပဒေတို့အရ လိုင်စင်မရှိဘဲ ဆေးဝါးပစ္စည်းများ ရောင်းချမှု၊ မှတ်ပုံတင်မထားသည့် ဆေးဝါးများ ရောင်းချမှု၊ မှတ်ပုံတင်မထားသည့် အလှကုန်များကို ဖြန့်ဖြူးမှု၊ ထိုင်းဘာသာစကားဖြင့် ဖော်ပြထားသော တံဆိပ်မပါဘဲ ထုတ်ကုန်များ ရောင်းချမှုနှင့် တရားဝင်ခွင့်ပြုချက်မရှိဘဲ မှတ်ပုံတင်မထားသည့် တိုင်းရင်းဆေးဝါးထုတ်ကုန်များကို ရောင်းချမှု အပါအဝင် ပြစ်မှုများစွာဖြင့် တရားစွဲဆိုခြင်း ခံရနိုင်ကြောင်း သိရသည်။
အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် တရားမဝင် ကျန်းမာရေးထုတ်ကုန်များ ရောင်းချနေမှုကို စောင့်ကြည့်စစ်ဆေးခြင်းနှင့် နှိမ်နင်းခြင်းလုပ်ငန်းများကို FDA အနေဖြင့် ဆက်လက်၍ ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း FDA ၏ အထွေထွေအတွင်းရေးမှူးချုပ် စူပတ်ထရာ ဘွန်ဆမ်က ပြောကြားခဲ့သည်။
ထို့ပြင် အွန်လိုင်းကြော်ငြာများတွင် အခြားထုတ်ကုန်တစ်ခု၏ FDA မှတ်ပုံတင်နံပါတ်ကို လွဲမှားစွာ အသုံးပြုထားသည်ကို တာဝန်ရှိသူများက စတင်တွေ့ရှိခဲ့ပြီးနောက် ယခုအမှုကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ထိုပစ္စည်းများကိုရောင်းချသူသည် ထုတ်ကုန်ခွင့်ပြုချက်ဆိုင်ရာ စာရွက်စာတမ်းများကို အတုပြုလုပ်ခဲ့ပြီး ယင်းစာရွက်စာတမ်းအတုများကို အသုံးပြုကာ စားသုံးသူများ၏ ယုံကြည်မှုကို မြှင့်တင်ရန် အွန်လိုင်းစျေးကွက်များပေါ်တွင် တရားဝင် စတိုးဆိုင်အဖြစ် တည်ထောင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် FDA အနေဖြင့် သက်ဆိုင်ရာ အွန်လိုင်းပလက်ဖောင်းများနှင့် ပူးပေါင်းကာ အဆိုပါစတိုးဆိုင်များကို ပိတ်ပစ်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
အွန်လိုင်းပေါ်မှ စျေးဝယ်ခြင်းသည် လူနေမှုဘဝကို ပိုမိုအဆင်ပြေစေသော်လည်း၊ တစ်ဖက်တွင်လည်း ရာဇဝတ်ဂိုဏ်းများနှင့် နိုင်ငံဖြတ်ကျော်လုပ်ငန်းလုပ်ကိုင်သူများအတွက် ထုတ်ကုန်အတုများနှင့် အရည်အသွေးမမီသော ထုတ်ကုန်များကို ဖြန့်ဖြူးရန် အခွင့်အလမ်းများ ဖန်တီးပေးရာရောက်နေကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ၏ ကော်မရှင်နာ ဒုတိယရဲချုပ် နတ်သာဆပ် ချောင်ဝါနာဆိုင်းက သတိပေးခဲ့သည်။
မှတ်ပုံတင်ထားခြင်းမရှိသော၊ ထိုင်းဘာသာစကားဖြင့် ဖော်ပြထားသော တံဆိပ်မပါရှိသော သို့မဟုတ် အခြားကုမ္ပဏီတစ်ခု၏ FDA မှတ်ပုံတင်နံပါတ်ကို အသုံးပြုထားသော ထုတ်ကုန်များသည် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများကို မပြည့်မီဘဲ ထုတ်လုပ်ထားခြင်း ဖြစ်နိုင်သကဲ့သို့ ဘေးဥပါဒ်ဖြစ်စေနိုင်သည့် ပစ္စည်းများ အလွန်အကျွံပါဝင်နေနိုင်သည့်အတွက် ကြီးမားသော အန္တရာယ်ရှိနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref: Bangkok Post















