■ စက်သုံးဆီရည်ညွှန်းဈေးနှုန်းအသစ်အရ မွန်ပြည်နယ်၏ စက်သုံးဆီဈေးနှုန်းကျဆင်းခဲ့သော်လည်း အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများထက် စက်သုံးဆီဈေးနှုန်း ပိုများနေဆဲဖြစ်ကြောင်း သိရ

■ စက်သုံးဆီရည်ညွှန်းဈေးနှုန်းအသစ်အရ မွန်ပြည်နယ်၏ စက်သုံးဆီဈေးနှုန်းကျဆင်းခဲ့သော်လည်း အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများထက် စက်သုံးဆီဈေးနှုန်း ပိုများနေဆဲဖြစ်ကြောင်း သိရ
Published 6 June 2026

ယမန်နေ့ (ဇွန် ၅ ရက်) တွင် စက်သုံးဆီတင်သွင်းသိုလှာင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းသစ်အရ မွန်ပြည်နယ်၏ စက်သုံးဆီဈေးနှုန်းကျဆင်းခဲ့သော်လည်း အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများထက် စက်သုံးဆီဈေးနှုန်း ပိုများနေဆဲဖြစ်ကြောင်း သိရသည်။

စက်သုံးဆီရည်ညွန်းဈေးနှုန်းအသစ်အရ မွန်ပြည်နယ်၏ ဓာတ်ဆီ 92 Rom တစ်လီတာဈေးနှုန်းမှာ ၄၅၅၀ ကျပ်ဖြစ်ပြီး ယခင်ဈေးနှုန်းထက် ၂၆၀ ကျပ် လျော့ကျခဲ့ကာ မွန်ပြည်နယ်၏ ဓာတ်ဆီ (95) Rom တစ်လီတာဈေးနှုန်းမှာ ၄၆၅၅ ကျပ်ဖြစ်ပြီး ယခင်ဈေးနှုန်းထက် ၂၆၀ ကျပ် လျော့ကျခဲ့သည်။

ထို့အတူ မွန်ပြည်နယ်၏ ဒီဇယ်ဆီ (ရိုးရိုး) တစ်လီတာဈေးနှုန်းမှာ ၄၇၂၀ ကျပ်ဖြစ်ပြီး ယခင်ဈေးနှုန်းထက် ၄၄၀ ကျပ် လျော့ကျခဲ့ကာ မွန်ပြည်နယ်၏ ဒီဇယ်ဆီ (ပရီးမီးယံ) တစ်လီတာဈေးနှုန်းမှာလည်း ၅၃၂၅ ကျပ်ဖြစ်ပြီး ယခင်ဈေးနှုန်းထက် ၅၂၅ ကျပ်အထိ လျော့ကျခဲ့သည်။

သို့သော်လည်း စက်သုံးဆီရည်ညွန်းဈေးနှုန်းအသစ်အရ မွန်ပြည်နယ်၏ ဓာတ်ဆီ 92 Rom တစ်လီတာဈေးနှုန်းမှာ ရန်ကုန်ထက် ၂၀၅ ကျပ်၊ ဘားအံထက် ၉၀ ကျပ်၊ ပဲခူးထက် ၁၉၀ ကျပ်၊ ထားဝယ်ထက် ၂၀ ကျပ် ပိုများနေဆဲဖြစ်ပြီး ဓာတ်ဆီ (95) Rom တစ်လီတာဈေးနှုန်းမှာလည်း ရန်ကုန်ထက် ၂၇၀ ကျပ်၊ ဘားအံထက် ၁၅၅ ကျပ်၊ ပဲခူးထက် ၂၅၀ ကျပ်၊ ထားဝယ်ထက် ၈၀ ကျပ် ပိုများနေဆဲဖြစ်သည်။

အလားတူ မွန်ပြည်နယ်၏ ဒီဇယ်ဆီ (ရိုးရိုး) တစ်လီတာဈေးနှု်နးမှာလည်း ရန်ကုန်ထက် ၅၀၀ ကျပ်၊ ဘားအံထက် ၃၉၅ ကျပ်၊ ပဲခူးထက် ၄၈၅ ကျပ်၊ ထားဝယ်ထက် ၃၂၅ ကျပ် ပိုများနေဆဲဖြစ်ပြီး ဒီဇယ်ဆီ (ပရီးမီးယံ) တစ်လီတာဈေးနှုန်းမှာလည်း ရန်ကုန်ထက် ၂၁၀ ကျပ်၊ ဘားအံထက် ၉၅ ကျပ်၊ ပဲခူးထက် ၁၉၅ ကျပ်နှင့် ထားဝယ်ထက် ၂၀ ကျပ် ပိုများနေဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယခု စက်သုံးဆီရည်ညွန်းဈေးနှုန်းအသစ်အရ မွန်ပြည်နယ်၏ ဓာတ်ဆီ 92 Rom တစ်လီတာဈေးနှုန်းထက် ပိုများသည့် ဒေသများမှာ ဟားချင်း (ချင်းပြည်နယ်)၊ လားရှိုး (ရှမ်းပြည်နယ် မြောက်ပိုင်း)၊ စစ်တွေ (ရခိုင်ပြည်နယ်)၊ မြစ်ကြီးနား (ကချင်ပြည်နယ်) နှင့် မုံရွာ (စစ်ကိုင်းတိုင်းဒေသကြီး) တို့သာရှိပြီး၊ မွန်ပြည်နယ်၏ ဓာတ်ဆီ (95) Rom တစ်လီတာဈေးနှုန်းထက်ပိုများသည့် ဒေသများမှာလည်း ဟားခါးနှင့် စစ်တွေတို့သာရှိတော့ကြောင်း သိရသည်။

ထို့အတူ မွန်ပြည်နယ်၏ ဒီဇယ်ဆီ (ရိုးရိုး) တစ်လီတာဈေးနှုန်းမှာ စစ်တွေ၏ ဈေးနှုန်းနှင့် အတူတူ တစ်နိုင်ငံလုံးတွင် ဈေးနှုန်းအများဆုံးဖြစ်နေသည့်အပြင် မွန်ပြည်နယ် ဒီဇယ်ဆီ (ပရီးမီးယံ) တစ်လီတာဈေးနှုန်းထက် ပိုများသည့် ဒေသမှာလည်း ဟားခါး (ချင်းပြည်နယ်) နှင့် စစ်တွေ (ရခိုင်ပြည်နယ်) တို့သာရှိတော့ကြောင်း  စက်သုံးဆီတင်သွင်းသိုလှာင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းသစ်အရ သိရသည်။

 “မွန်ပြည်နယ်ရဲ့ စက်သုံးဆီဈေးနှုန်းက တခြားပြည်နယ်နဲ့ တိုင်းတွေထက်များနေတာ၊ မွန်ပြည်နယ်အတွင်းက ပြည်သူတွေကလည်း စက်သုံးဆီကို ဈေးပိုပေးပြီး သုံးနေကြရတဲ့ကိစ္စနဲ့ ပတ်သက်လို့ လာမယ့် လွှတ်တော်အစည်းအဝေးမှာ မွန်ပြည်နယ်က ကိုယ်စားလှယ်တွေအနေနဲ့ မေးခွန်း မေးသင့်ပါတယ်” ဟု မော်လမြိုင်မြို့ခံပြည်သူတစ်ဦးက ပြောကြားသည်။

မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချနေကြသူများ၏ စီးပွားရေးအခွင့်အလမ်းဖြစ်စေရန်အတွက် တစ်ပြည်နယ်လုံးရှိ ပြည်သူများက စက်သုံးဆီဈေးပိုပေးကာ ပံ့ပိုးနေကြရသည့်သဘောမျိုးဖြစ်နေကြောင်းလည်း ၎င်းက ဆိုသည်။

မွန်ပြည်နယ်အတွက် စက်သုံးဆီတင်သွင်းနေသည့် Importer များအား ရန်ကုန် သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီတင်သွင်းသော Importer များကဲ့သို့ နိုင်ငံတော်က ဒေါ်လာမရောင်းပေးသည့်အတွက် Importer က ကိုယ်ပိုင်ဒေါ်လာဖြင့် စက်သုံးဆီတင်သွင်းနေရကြောင်း၊ ဒေါ်လာကိုလည်း နိုင်ငံတော်က ရောင်းချပေးသည့် သတ်မှတ်ဈေးနှုန်းဖြင့် ဝယ်ယူခွင့်မရသည့်အတွက် ပြင်ပပေါက်ဈေးနှင့် အနီးစပ်ဆုံးဝယ်ယူနေရသောကြောင့် ရန်ကုန်မှ စက်သုံးဆီရည်ညွန်းဈေးနှုန်နှင့် မွန်ပြည်နယ်မှ စက်သုံးဆီရည်ညွန်းဈေးနှုန်းက ကွာခြားနေခြင်းမျိုးဖြစ်နေကြောင်း မွန်ပြည်နယ် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးအသင်းထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချမှုအား ယခင်မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းလက်ထက်က Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့ က တင်ဒါအောင်မြင်ထားသည့်အတွက် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်းနှင့် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ  Puma International Port Terminal ဆိပ်ကမ်းမှတစ်ဆင့် မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း Ya Zar Min Industry ကုမ္ပဏီပိုင်ရှင်ဦးညီညီထွေး (၅၅) နှစ်မှာ စက်သုံးဆီများအား တရားမဝင်မှောင်ခိုင်ရောင်းချမှုများကြောင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ သက်ဆိုင်ရာနယ်မြေရဲစခန်းများ၌ အမှုဖွင့်အရေးယူခြင်းခံထားရသည့်အပြင် စက်သုံးဆီလုပ်ငန်းရှင်များဖြစ်ကြသည့် စွမ်းမြန်မာ စက်သုံးဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိန်တင် (ခ) ကာဆင် (၆၅) နှစ်၊ မိဘမေတ္တာ စက်သုံးဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးမြင့်ဇော်ဦး (ခ) ဇော်ဦး (၄၃) နှစ်၊ မင်းသန့် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်ဖြစ်သူ ဦးလှဝင်းခိုင်တို့ကိုလည်း စက်သုံးဆီများ တရားမဝင်မှောင်ခိုရောင်းချသည်ဟုဆိုကာ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ သက်ဆိုင်ရာနယ်မြေရဲစခန်းများ၌ အမှုဖွင့်အရေးယူထားခြင်းခံထားရကြောင်း သိရသည်။

 

Most Read

Most Recent