အီရန်သမ္မတ မာဆုပဇက်ရှ်ကီယန်သည် ၎င်း၏ ရာထူးနုတ်ထွက်စာကို အီရန်ဘာသာရေးခေါင်းဆောင် မိုဂျ်တာဘာ ခါမေနီ၏ရုံးသို့ ပေးပို့တင်ပြထားကြောင်း အီရန်ပြည်တွင်းကိစ္စရပ်များကို ကောင်းစွာသိရှိသည့် သတင်းရင်းမြစ်တစ်ခုက Iran International သတင်းဌာနကို ပြောကြားခဲ့သည်။
မေ ၃၁ ရက်က တင်ပြခဲ့သည့် အဆိုပါနုတ်ထွက်စာတွင် ပဇက်ရှ်ကီယန်က နိုင်ငံအတွက် အဓိကကျပြီး အရေးကြီးသည့် ဆုံးဖြတ်ချက်ချမှတ်ရေး လုပ်ငန်းစဉ်များတွင် သမ္မတနှင့် အစိုးရအဖွဲ့ကို ဖယ်ကျဉ်ထားကြောင်း၊ ယင်းသို့ ဖြစ်ပေါ်လာသည့် လစ်ဟာမှုကို အခွင့်ကောင်းယူ၍ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) အတွင်းရှိ သဘောထားတင်းမာသူများက နိုင်ငံရေးရာကိစ္စရပ်များကို လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးပမ်းလာကြကြောင်း အလေးပေးဖော်ပြထားသည်ဟု Iran International သတင်းက ဆိုသည်။
ထို့ပြင် သမ္မတက ၎င်းအနေဖြင့် ထိုအခြေအနေမျိုးတွင် အစိုးရအဖွဲ့ကို ဆက်လက်ဦးဆောင်ရန်နှင့် မိမိ၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် မဖြစ်နိုင်တော့သဖြင့် ရာထူးမှ အမြန်ဆုံးနုတ်ထွက်ခွင့်ပြုရန် တောင်းဆိုထားကြောင်း သတင်းထဲတွင် ပါရှိသည်။
သမ္မတ၏နုတ်ထွက်စာကို အထွတ်အထိပ်ခေါင်းဆောင် မိုဂ်ျတာဘာ ခါမေနီက လက်ခံ၊ မလက်ခံကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း နုတ်ထွက်စာပါ အကြောင်းအရာများက အီရန်၏ အမြင့်ဆုံးအာဏာပိုင်အဆင့်ဆင့်ကြားတွင် မကြုံစဖူး နက်ရှိုင်းသည့် သဘောထားကွဲမှုများ ရှိနေပြီဖြစ်ကြောင်းကို ညွှန်ပြနေသည်။
IRGC သည် သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာအများစုကို တဖြည်းဖြည်း ကန့်သတ်ပိတ်ပင်ခဲ့ပြီး အစိုးရအဖွဲ့၏ အဓိကကဏ္ဍများကို ထိရောက်စွာ ထိန်းချုပ်လာကြောင်း ယခင်ကလည်း သတင်းများထွက်ခဲ့သည်။ သို့သော် အီရန်သမ္မတရုံးက ယခုနုတ်ထွက်မည့်သတင်းကို ငြင်းဆိုထားသည်။
Ref: Iran International
Photos: AP















