ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး ပြန်လည်ကျင်းပမည့် ဇွန်အတွင်း မေးခွန်းပေါင်း ၁၅၀၊ အဆို ၁၀ ခုနှင့် ဥပဒေနှစ်ရပ် ဆွေးနွေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းလွှတ်တော်အစည်းအဝေးကို ဇွန် ၂ ရက်တွင်ပြန်လည်စတင်မည်ဖြစ်ပြီး တစ်လနီးပါးကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
“ဧရာဝတီတိုင်းဒေသကြီး တတိယအကြိမ်လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေးက ဇွန် ၂ ရက်နေ့မှာစမှာဖြစ်ပါတယ်။ ဇွန်လထဲမှာ ပိတ်ရက်တွေ နုတ်ရင် လွှတ်တော်ကျင်းပမယ့်ရက်က ၁၇ ရက်လောက်ရှိပါတယ်။ ပထမဆုံးစပြီးတော့ မေးခွန်းတွေစုဆောင်းစိစစ်ပြီး အစိုးရအဖွဲ့ကိုတင်ထားပြီးသားမေးခွန်းပေါင်း ၁၅၀ လောက်ရှိပါတယ်။ တစ်နေ့ကို မေးခွန်း ၁၀ ခုနဲ့ နေ့တိုင်းမေးသွားဖို့ရှိပါတယ်။ အဆိုကတော့ ၁၀ ခုလောက်ရွေးချယ်ထားပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသိန်းထွန်းကဖြေကြားသည်။
“ဥပဒေပိုင်းနဲ့ပတ်သက်လို့ကတော့ အဓိကအားဖြင့် ဧရာဝတီတိုင်းရေချိုငါးဥပဒေကို ပြင်ဆင်ဖို့အပိုင်းလေးတွေရှိလာမယ်။ စည်ပင်ဥပဒေကိုလည်း နည်းနည်းပြင်ဆင်ရမယ့် အပိုင်းလေးတွေရှိတဲ့အတွက်ကြောင့် တည်ဆဲဥပဒေများကိုလေ့လာထားပြီးတော့မှ သူတို့ကို ပြင်ဆင်တာတွေ၊ ဖြည့်စွက်တာတွေ၊ ရုတ်သိမ်းတာတွေ၊ အစားထိုးတာတွေ၊ ဒါနဲ့ပတ်သက်ပြီး ကြိုတင်ပြီးတော့ ကိုယ်စားလှယ်တွေ ပေးပို့ပြီးဖြစ်တဲ့အတွက်ကြောင့် အဲဒီဥပဒေတွေကိုတော့ အပြီးမလုပ်နိုင်ပါဘူး။ ကြိုတင်လေ့လာဆွေးနွေးပြီး ဥပဒေပညာရှင်တွေ ဖိတ်ခေါ်ပြီး သီးခြားလုပ်ရမယ့်အနေအထားဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသိန်းထွန်းက ဆက်လက်ဖြေကြားသည်။
ပြီးခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး၌ တိုင်းလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ရွေးချယ်အတည်ပြုခြင်း၊ လွှတ်တော်ရေးရာကော်မတီများဖွဲ့စည်းခြင်းတို့ကိုဆောင်ရွက်ခဲ့ကာ လွှတ်တော်ခေတ္တရပ်နားခဲ့ပြီးနောက် ယခုအခါ ဒုတိယပုံမှန်အစည်းအဝေးပြန်လည်စတင်ရန်ရှိနေခြင်းဖြစ်သည်။















