အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် NETRA (NTPC Energy Technology Research Alliance) သို့ သွားရောက် လေ့လာခဲ့သည်။
NETRA (NTPC Energy Technology Research Alliance) သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား တာဝန်ရှိသူများကို ကြိုဆိုနှုတ်ဆက်ခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် NETRA (NTPC Energy Technology Research Alliance)တွင် လှည့်လည်လေ့လာကြည့်ရှုခဲ့ကြသည်။
NETRA (NTPC Energy Technology Research Alliance) သည် အိန္ဒိယနိုင်ငံတွင် အကြီးဆုံးစွမ်းအင်ကုမ္ပဏီလုပ်ငန်းစုကြီးဖြစ်သော NTPC Limited ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကို အဓိကလုပ်ဆောင်ကြောင်း၊ ကမ္ဘာ့စွမ်းအင်ကဏ္ဍတွင် ဦးဆောင်လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်သည့် NTPC သည် ၎င်း၏ ဝန်ဆောင်မှုများနှင့် ထိရောက်မှုကို ပိုမိုတိုးတက်စေရေးအတွက် နောက်ဆုံးပေါ်နည်းပညာများ၏ အလားအလာကို အသိအမှတ် ပြုခဲ့ကြောင်း သိရသည်။
NETRA သည် စွမ်းအင်ကဏ္ဍအတွက် နောက်ဆုံးပေါ်၊ ရေရှည်တည်တံ့ပြီး စီးပွားရေးအရ တွက်ခြေကိုက်သော နည်းပညာများတီထွင်ဖန်တီးရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ NETRA ကုမ္ပဏီ၏ အဓိကဦးစားပေးလုပ်ငန်းနယ်ပယ်များသည် ထိရောက်မှုမြှင့်တင်ရေးနှင့် ကုန်ကျစရိတ်လျှော့ချရေး၊ စွမ်းအင်သစ်များနှင့် ပြန်လည်ပြည့်ဖြိုးမြဲသော စွမ်းအင်၊ ရာသီဥတု ပြောင်းလဲမှုနှင့် ရေထိန်းသိမ်းရေး၊ ပြာအသုံးချမှု၊ ကာဗွန်ဖမ်းယူမှုနှင့် အသုံးပြုမှုနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုတို့ အပါအဝင် ပတ်ဝန်းကျင်ကာကွယ်ရေးတို့ ပါဝင်ကြောင်း သိရသည်။















