ယူဖရေးတီးမြစ်ရေ တက်လာသောကြောင့် ဆီးရီးယားမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား

ယူဖရေးတီးမြစ်ရေ တက်လာသောကြောင့် ဆီးရီးယားမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား
Published 29 May 2026
Ref:AFP

အိမ်နီးချင်း တူရကီနိုင်ငံဘက်မှ ရေစီးဝင်မှု ပိုမိုများပြားလာခြင်းနှင့် မကြာသေးမီက မိုးရွာသွန်းမှုများကြောင့် နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီးနောက် ယူဖရေးတီးမြစ်အတွင်းရေ မျက်နှာပြင် မြင့်တက်လာနေကြောင်း ဆီးရီးယား စွမ်းအင်ဝန်ကြီးဌာနက မေ ၂၈ ရက်တွင် သတိပေးခဲ့သည်။

“တူရကီဘက်ကနေ ရေစီးဝင်မှုဟာမကြုံစဖူး ထူးခြားစွာ များပြားလာတဲ့ အခြေအနေကို ကြည့်ပြီး ယူဖရေးတီးမြစ်အတွင်း ရေအခြေအနေကို စောင့်ကြည့်စစ်ဆေးနေပါတယ်” ဟု ဝန်ကြီးဌာနကပြောကြားခဲ့သည်။

ယခုကဲ့သို့ ရေစီးဝင်မှု မြင့်တက်လာခြင်းမှာ ယခုနှစ်မိုးရာသီတွင် မိုးကောင်းခဲ့ခြင်းနှင့် တူရကီပိုင်နက်အတွင်း မြစ်တစ်လျှောက်ရှိ ဆည်များ၏ ရေတံခါးများကို ဖွင့်ချလိုက်ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒိုင်ယာ အက်ဇော၊ ရာကာနှင့် အလက်ပို ပြည်နယ်များရှိ အစိုးရရေအရင်းအမြစ် အာဏာပိုင်များက အရေးပေါ်အခြေအနေကြေညာထားပြီး ကြိုတင်ကာကွယ်ရေး အစီအမံများကို လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

မတ် ၂၈ ရက်တွင် ဒိုင်ယာအက်ဇောပြည်နယ်ရှိ မြို့ပြနှင့် ကျေးလက်ဒေသများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး မြေသားတံတားတစ်စင်း ရေအောက်သို့ နစ်မြုပ်သွားခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ SANA က ဖော်ပြခဲ့သည်။

ရေကြီးမှုကြောင့် မေ ၂၇ ရက်ကတည်းက အဆိုပါပြည်နယ်ရှိ တံတားအချို့ သွားလာ၍မရတော့ဘဲ ပျက်စီးခဲ့ရကာ စိုက်ပျိုးမြေများနှင့် လူနေအိမ်များလည်း ရေလွှမ်းမိုးမှုဒဏ်ကို ခံခဲ့ရကြောင်းအလားတူ အိမ်နီးချင်း ရာကာပြည်နယ်တွင်လည်း ရေကြီးမှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။

မကြာသေးမီလများအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေမျက်နှာပြင် မြင့်တက်လာပြီးနောက် အာတာတပ်ခ်ဆည်မှ ထိန်းညှိထားသော ရေလွှတ်မှုများကိုပြုလုပ်ခဲ့ကြောင်းနှင့် ဆည်၏ ရေပိုလွှဲတံခါးများကို ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း ရေအရင်းအမြစ် အာဏာပိုင်အဖွဲ့ကို ကိုးကား၍တူရကီ ဒေသခံမီဒီယာတွင် ဖော်ပြထားသည်။

အာတာတပ်ခ်ဆည်သည် တူရကီနိုင်ငံ၏ အဓိကဆည်ကြီး သုံးခုအနက် တစ်ခုဖြစ်ပြီး ဆီးရီးယားနှင့် နယ်စပ်တစ်လျှောက်ရှိ ဒေသများသို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်နှင့် စိုက်ပျိုးရေပေးဝေရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဒမတ်စကတ်ရှိ စွမ်းအင်ဝန်ကြီးဌာန၏ ပြောကြားချက်အရ နိုင်ငံအတွင်းရှိ ယူဖရေးတီးဆည်ကို စီမံခန့်ခွဲနေသော အာဏာပိုင်များ၏ အဆိုအရ ဆီးရီးယားဆည်များ၏ ရေသိုလှောင်နိုင်မှုပမာဏမှာ အပြည့်လုနီးပါး ဖြစ်နေသဖြင့် ရေပမာဏအမြောက်အမြားကို ဆက်လက်လွှတ်ထုတ်နေရဆဲဖြစ်သည်ဟု ဆိုသည်။

မေ ၂၇ ရက်နှောင်းပိုင်းတွင် ဝန်ကြီးဌာနက ယူဖရေးတီးဆည်၏ ရေတံခါးများ ဖွင့်လှစ်ထားသည့် ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်တွင် တင်ခဲ့ပြီး ယင်းရေတံခါးများကို အသုံးပြုခဲ့ခြင်း မရှိသည်မှာ နှစ်ပေါင်း ၄၀ ခန့် ရှိပြီဖြစ်ကြောင်း ပြောကြားခဲ့ကာ ပြည်သူများအနေဖြင့် အထူးသတိပြုကြရန် သတိပေးထားသည်။

ယူဖရေးတီးမြစ်ရေသည် ဆီးရီးယားနိုင်ငံအတွင်း ထိုမျှအထိ စံချိန်တင်မြင့်တက်လာခြင်း မရှိခဲ့ဖူးသဖြင့် ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်မှုများ ပိုမိုကြီးထွားလျက်ရှိသည်။                                                

 

Most Read

Most Recent