ရှမ်းပြည်နယ် မြောက်ပိုင်းတွင် MNDAA အနေဖြင့် နယ်မြေချဲ့ထွင်ခြင်းနှင့် အုပ်ချုပ်စီမံမှုဆိုင်ရာကိစ္စရပ်များတွင် လက်နက်အင်အား အလွန်အကျွံအသုံးပြုလာခြင်းကို ကန့်ကွက်ရှုတ်ချကြောင်း ရှမ်းလူငယ်ကွန်ဂရက်က မေ ၂၅ ရက်တွင် ထုတ်ပြန်သည်။
နဂိုမူလ ကိုးကန့်လူမျိုးများ အများစုနေထိုင်ရာဒေသများကို ကျော်လွန်၍ နယ်မြေချဲ့ထွင်စီမံဆောင်ရွက်နေမှု လမ်းစဉ်များ မှားယွင်းသော စီမံခန့်ခွဲမှုစနစ်များနှင့် လက်နက်ဖြင့် ခြိမ်းခြောက်လုပ်ဆောင်နေမှုများကြောင့် နယ်မြေအတွင်း လူမျိုးရေးပဋိပက္ခများနှင့် ပြဿနာများ ဖြစ်ပေါ်လျက်ရှိကြောင်း ရှမ်းလူငယ်ကွန်ဂရက်က ဆိုသည်။
“ဖက်ဒရယ်စနစ်နှင့် ကိုးကန့်တပ် (MNDAA) ၏ လားရာ” ဆိုသည့် ခေါင်းစဉ်နှင့် ထုတ်ပြန်ခဲ့သည့် ရှမ်းလူငယ်ကွန်ဂရက်၏ ထုတ်ပြန်ချက်တွင် MNDAA ၏စီမံမှုအောက်၌ ဒေသခံများ ရင်ဆိုင်နေရသည့် အုပ်ချုပ်ရေးနှင့် မြေယာသိမ်းဆည်းမှုဆိုင်ရာ ပြဿနာများ၊ လူ့အခွင့်အရေးနှင့် လူမှုစီးပွားဆိုင်ရာ ပြဿနာများကို မီးမောင်းထိုးပြထားသည်။
MNDAA က တော်လှန်ရေးကို အကြောင်းပြုကာ ပြည်သူလူထုကို ဒုက္ခတွင်းသက်ဆင်းစေသည့် လွဲမှားသော လုပ်ရပ်များနှင့် စီမံခန့်ခွဲမှုများကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း ဖော်ပြထားသည်။
MNDAA အနေဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကိုးကန့်မှုပြုခြင်း၊ မြို့ရွာများ၏ မူလသွင်ပြင်ကို ပြောင်းလဲ ခြင်း၊ လယ်ယာမြေသိမ်းဆည်းခြင်းနှင့် စျေးနှိမ်ခြင်း၊ ပြည်ပနိုင်ငံသားများအား အထူးအခွင့်အရေးပေးခြင်း၊ သယံဇာတများကို အဓမ္မတူးဖော်ခြင်းစသည့် အုပ်ချုပ်ရေးနှင့် မြေယာပြဿနာများ ရင်ဆိုင်နေရကြောင်း ရှမ်းလူငယ်ကွန်ဂရက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သမိုင်းအစဉ်အလာအရ နဂိုမူလ ဌာနေလူမျိုးများ သဟဇာတဖြစ်စွာ မှီတင်းနေထိုင်ခဲ့ကြသော အသွင်သဏ္ဌာန်များကို သွေဖည်ကာ ကိုးကန့်မူပြုရန် ကြိုးပမ်းလာခြင်း၊ မြို့ရွာများ၏ ရိုးရာနှင့် မူလအသွင်အပြင်များကို အတင်းအဓမ္မ ပြောင်းလဲခြင်း၊ မူလလယ်ယာပိုင်ရှင်များထံမှ မြေယာများကို အတင်းအဓမ္မ သိမ်းယူခြင်း၊ ဈေးနှိမ်ခြင်းနှင့် ဖိအားပေးရောင်းချစေခြင်း စသည့် MNDAA ၏ စီမံမှုများနှင့် ဒေသခံများ ရင်ဆိုင်နေရကြောင်း ရှမ်းလူငယ်ကွန်ဂရက်က ဆိုသည်။
ထို့ပြင် နိုင်ငံခြားသားများအား တစ်ဖက်သတ်ဆန်သော အခွင့်အရေးများ ပေးအပ်၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုထားခြင်းများ ရှိသည့်အပြင် နဂိုမူလပိုင်ရှင်များ၏ သဘောတူခွင့်ပြုချက်နှင့် ညှိနှိုင်းမှုများ လုံးဝမရှိဘဲ သယံဇာတများကို အတင်းအဓမ္မ တူးဖော်ခြင်း သို့မဟုတ် တူးဖော်ခွင့်ပေးခြင်း တွေ့ကြုံနေရကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဒေသခံပြည်သူများ၏ ဆန္ဒကို အလေးမထားဘဲ တိုင်းတစ်ပါးမှ ဝိသမလောဘသား စီးပွားရေးသမားများကို အထူးအခွင့်အရေးများပေးကာ စိတ်ကြိုက် ဝင်ထွက်ချယ်လှယ်ခွင့်ပြုထားသည့် အခြေအနေကိုလည်း ရှမ်းလူငယ်ကွန်ဂရက်က ထောက်ပြထားပြီး တိုင်းတစ်ပါး၏ ကျူးကျော် လွှမ်းမိုးမှုများအပေါ် ကာကွယ်တားဆီးခြင်းမပြုဘဲ ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။
စနစ်တကျ ထိန်းချုပ်မှုမရှိဘဲ အကန့်အသတ်မဲ့ လောင်းကစားဝိုင်းများနှင့် KTV ဖျော်ဖြေရေးခန်းမများကို အလွန်အကျွံ ဖွင့်လှစ်ခွင့်ပြုထားခြင်းများ ကြုံနေရပြီး ဒေသခံပြည်သူများ ဆန္ဒမပါဘဲ အတင်းအကျပ် စစ်မှုထမ်းဆောင်ခိုင်းခြင်းများလည်း ရှိနေကြောင်း ရှမ်းလူငယ်ကွန်ဂရက်က ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ရှမ်းပြည်နယ်အတွင်း ယင်းကဲ့သို့သော လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေမှုကို MNDAA အနေဖြင့် အမြန်ဆုံး ပြန်လည်သုံးသပ်ပြီး ဒေသခံလူထုနှင့် လိုက်လျောညီထွေဖြစ်မည့်၊ တရားမျှတမှုရှိမည့် ဒီမိုကရေစီစံနှုန်း၊ ဖက်ဒရယ်စံနူန်းများနှင့် ကိုက်ညီသည့် စီမံဆောင်ရွက်မှုများကိုသာ ရှေးရှုလုပ်ဆောင်သွားရန် ရှမ်းလူငယ်ကွန်ဂရက်က တိုက်တွန်းထုတ်ပြန်ခဲ့သည်။















