နာပိုလီနည်းပြ ကွန်တီက အသင်းကို စုစည်းညီညွတ်မှုရှိအောင် မလုပ်ဆောင်နိုင်တဲ့အတွက် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကွန်တီဟာ နာပိုလီအသင်းကို ၂၀၂၄ နွေရာသီမှာ (၃)နှစ်စာချုပ်နဲ့ စတင်ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေချန်ပီယံဆု ရယူပေးနိုင်ခဲ့ပါတယ်။
ကွန်တီက ဂျူဗင်တပ်စ်၊ အင်တာမီလန်တို့နဲ့လည်း စီးရီးအေချန်ပီယံဆု ရရှိခဲ့တာကြောင့် မတူညီတဲ့ အသင်း(၃)သင်းနဲ့ စီးရီးအေချန်ပီယံဆု ရယူနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ကွန်တီက အူဒီးနီးစ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲစဉ်အပြီးမှာ လမ်းခွဲတော့မယ့်အကြောင်း အတည်ပြုခဲ့တာပါ။
''ပြီးခဲ့တဲ့တစ်လက အသင်းဥက္ကဋ္ဌဆီ ဖုန်းခေါ်ပြီး ကျွန်တော်တို့ရဲ့ စီမံကိန်း အဆုံးသတ်တော့မယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် အခုလို ဆုံးဖြတ်ခဲ့တာက အသင်းမှာ စုစည်းညီညွတ်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် မလုပ်ဆောင်နိုင်ခဲ့တာကြောင့်ပါ။ ဒါက တခြားအသင်းတွေနဲ့ ပြိုင်ဆိုင်တဲ့နေရာမှာ ခက်ခဲစေပါတယ်။ ဒီအသင်းကို ကိုင်တွယ်ခွင့်ရတာ ဆုလာဘ်တစ်ခုပါ။ ဥက္ကဋ္ဌနဲ့ ပရိသတ်တွေက ကျွန်တော့်ကို နားလည်ပေးခဲ့ကြတယ်လို့ ထင်ပါတယ်'' လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။
ကွန်တီက အီတလီလက်ရွေးစင်အသင်းကို ပြန်လည်ကိုင်တွယ်ဖွယ်ရှိကြောင်း သတင်းထွက်နေပေမဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မသိရှိသေးကြောင်းနဲ့ အချိန်ယူပြီး အနားယူသွားဦးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။















