အီဘိုလာရောဂါပျံ့နှံ့နေသည့် ကွန်ဂိုသို့ ခရီးသွားလာခြင်းမပြုရန် အမေရိကန် သတိပေးချက်ထုတ်

အီဘိုလာရောဂါပျံ့နှံ့နေသည့် ကွန်ဂိုသို့ ခရီးသွားလာခြင်းမပြုရန် အမေရိကန် သတိပေးချက်ထုတ်
Published 19 May 2026

အမေရိကန်အစိုးရက အီဘိုလာကူးစက်နေမှုများ​ကြောင့် ၎င်းတို့နိုင်ငံသားများ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ သွားရောက်ခြင်းမပြုရန် ခရီးသွားလာမှုဆိုင်ရာ သတိပေးချက်ကို အပြင်းထန်ဆုံး အဆင့် (၄) ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်းသို့ ရောဂါပျံ့နှံ့ဝင်ရောက်မလာစေရန် တားဆီးကာကွယ်ရေး အစီအမံများစွာကို စတင်တော့မည်ဖြစ်ပြီး နိုင်ငံအတွက် အန္တရာယ်ရှိနိုင်ခြေ အတော်လေး နည်းပါးနေသေးကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က မေ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းအစီအမံများတွင် ရောဂါကူးစက်မှုဖြစ်ရာ ဒေသများမှ ရောက်ရှိလာသည့် ခရီးသွားများကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် လွန်ခဲ့သည့် ၂၁ ရက်အတွင်း ယူဂန်ဒါ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ သို့မဟုတ် ဆူဒန်တောင်ပိုင်းနိုင်ငံများသို့ သွားရောက်ခဲ့ဖူးသည့် အမေရိကန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူမဟုတ်သည့် နိုင်ငံခြားသားများကို ပြည်ဝင်ခွင့် ကန့်သတ်ပိတ်ပင်ခြင်းများ ပါဝင်သည်။

CDC အနေဖြင့် ခရီးသည်များကို ထိတွေ့ဆက်စပ်မှု ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လေကြောင်းလိုင်းများ၊ အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုပြီး ရောဂါပိုးစစ်ဆေးနိုင်စွမ်းကို မြှင့်တင်ရန်နှင့် ဆေးရုံများ၏ အသင့်ပြင်ဆင်ထားမှုကို တိုးမြှင့်ရန်လည်း ညွှန်ကြားသွားမည်။

ကွန်ဂိုတွင်  အီဗိုလာရောဂါကြောင့် သေဆုံးသူ ၁၃၁ ဦးရှိလာပြီ​ဖြစ်ကာ ရောဂါပိုးကူးစက်ခံရသူဟု သံသယရှိသူ ၅၁၃ ဦးထက်မနည်း ရှိနေကြောင်း တာဝန်ရှိသူများက​ပြောသည်။

Ref: BBC

Most Read

Most Recent