ဘီးလင်းမြို့ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိ စေတီတော် လှိုင်ဂူအတွင်း လာရောက်သိုလှောင်ထားသည့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများသိမ်းဆည်းရမိ

ဘီးလင်းမြို့ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိ စေတီတော် လှိုင်ဂူအတွင်း လာရောက်သိုလှောင်ထားသည့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများသိမ်းဆည်းရမိ
Published 19 May 2026

မွန်ပြည်နယ် ဘီးလင်းမြို့နယ်  ကန်သာယာရပ်ကွက်၊ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိ စေတီတော်၏ လှိုင်ဂူအတွင်း လာရောက်သိုလှောင်ထားသည့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(မေ ၁၉ ရက်) နံနက်ပိုင်းက ဘီးလင်းမြို့နယ် ကန်သာယာရပ်ကွက် ဘုရင့်နောင်ကွက်သစ်ပိုင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိ စေတီတော်၏ လှိုင်ဂူအတွင်း လာရောက်သိုလှောင်ထားသည့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများအား ခရီးသည်တင်မှန်လုံယာဉ်များဖြင့် သယ်ဆောင်ရန်စီစဉ်နေကြောင်း သတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ သက်ဆိုင်ရာကစစ်ဆေးခဲ့ရာ  အဆိုပါ စေတီတော်၏ လှိုင်ဂူအတွင်း ထိုင်းနိုင်ငံထုတ် Castrol အင်ဂျင်ဝိုင် (၄) လီတာဆံ့ ပုံးများ၊ ထိုင်းနိုင်ငံထုတ် ကြာပန်းတံဆိပ် (၇၀၀) ဂရမ်ပါ ဆပ်ပြာမှုန့်ထုပ်များနှင့် ကိုရီးယားနိုင်ငံထုတ် KORER QUEEN တံဆိပ်ပါ ရေသန့်စင်စက်များအား တွေ့ရှိခဲ့ကြောင်း နှင့် အဆိုပါ တရားမဝင် အကောက်ခွန်မဲ့ကုန်ပစ္စည်းများအား တင်ဆောင်ရန်စီစဉ်နေသည့် ရွှေစင်စင်္ကြာခရီးသည်တင်မှန်လုံးယာဉ်နှစ်စီး ကိုလည်း တွေ့ရှိခဲ့ရကြောင်းသိရသည်။

မဟာသန္တိသုခငြိမ်းချမ်းရေးစေတီတော်ရဲ့ လှိုင်ဂူအတွင်းမှာ သိုလှောင်ထားတဲ့ တရားမဝင် အကောက်ခွန်မဲ့ကုန်ပစ္စည်းတွေကို ခရီးသည်တင်မှန်လုံယာဉ် (၂) စီးပေါ်တင်ဆောင်ပြီးတော့ ဘီးလင်းမြို့မရဲစခန်းကို မောင်းနှင်စေပြီးတော့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ထို တရားမဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများအား သက်ဆိုင်ရာ ဌာနဆိုင်များပါဝင်သည့် အဖွဲ့စုံ၊ ဖွဲ့စည်းကာ စစ်ဆေးမှုများလုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘီးလင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

အလားတူ ယနေ့ မေလ (၁၉) ရက်နေ့ နံနက်ပိုင်းအချိန်က သံဖြူဇရပ်မြို့၊ ကျောင်းပိုင်းရပ်ကွက်၊ အဝေးပြေးဝင်းအတွင်းရှိ တိုက်ခန်းတစ်ခန်းအတွင်း တရားမဝင်ကုန်ပစ္စည်းများ သိုလှောင်ထားကြောင်း သတင်းအရ သက်ဆိုင်ရာက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ထိုတိုက်ခန်းအတွင်းမှ ထိုင်းစာနှင့် အင်္ဂလိပ်လို Night Cream ဟု ရေးသားထားသော စက္ကူဂျပ်ဖာ တစ်ဖာလျှင် ဗူးပေါင်း (၁၅၀) ပါ အမျိုးသမီးသုံး အလှကုန်ပစ္စည်း (၅၅) ဖာအားတွ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အလှကုန်ပစ္စည်းများအား ကားဖြင့်တင်ဆောင်ကာ ရန်ကုန်မြို့သို့ ပို့ဆောင်ရန် သိုလှောင်ထားခြင်းဖြစ်ကြောင်းနှင့် သိမ်းဆည်းရမိခဲ့သည့် ကုန်ပစ္စည်းများအား အဖွဲ့စုံဖြင့် ဖွင့်ဖောက်စစ်ဆေးကာ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဘိုဘိုမြင့်

Most Read

Most Recent