မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မြေပဒေသာကျွန်းတွင် မေ ၁၉ ရက် နံနက် ၈ နာရီက ကျင်းပခဲ့သည်။
မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆ အခမ်းအနားကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ရန်ကုန်တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
မြန်မာ့ဒူရင်းပွဲတော် ၂၀၂၆ ကို ရည်ရွယ်ချက် (၅) ရပ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး (၁) တိုင်းဒေသကြီး၊ ပြည်နယ်များမှ အရည်အသွေး (အနံ့အရသာ) နှင့် အထွက်နှုန်းကောင်းသော ဈေးကွက်ဝင် ဒူးရင်းမျိုးများ ရွေးချယ်ဖော်ထုတ်ရန်နှင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရန်၊ (၂) မြန်မာ့ဒူးရင်းမျိုးအမည်ဖြင့် ဈေးကွက်ထိုးဖောက်ရန်အတွက် ခေတ်မီစိုက်ပျိုးရေးစနစ်များနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများကို ဆွေးနွေးဖလှယ်ရန်၊ (၃) ဒူးရင်းသီးနှံ သက်ဆိုင်သည့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်သတင်းအချက်အလက်များ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ (၄) ဒူးရင်းသီးနှံ စိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့် လုပ်ငန်းရှင်များအား စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ (Good AgriculturaPractices-GAPs) ညီ စိုက်ပျိုးထုတ်လုပ်နိုင်ရေး စည်းရုံးဆောင်ရွက်ရန် (၅) မြန်မာနိုင်ငံ ဒူးရင်းအသင်း ဖွဲ့စည်းဆောင်နိုင်ရေး တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စိုက်ပျိုးထုတ်လုပ်သူများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ သုတေသနပညာရှင်များ၊ တန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ ပူးပေါင်းပါဝင်သည့် ကွန်ရက်တစ်ခု ဖော်ဆောင်ရန် စသည်တို့ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။















