နာပိုလီအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ သေချာသွားခဲ့ပြီးတဲ့နောက် နည်းပြ ကွန်တီက ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
နာပိုလီအသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ပီဆာအသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ရာသီပြီးဆုံးဖို့ တစ်ပွဲအလိုမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ သေချာသွားခဲ့တာပါ။
အီတလီနည်းပြ ကွန်တီက နာပိုလီအသင်းကို ၂၀၂၄ နွေရာသီမှာ စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။
ကွန်တီက ပထမဆုံးကိုင်တွယ်တဲ့ ရာသီမှာပဲ စီးရီးအေချန်ပီယံဆု ရယူပေးနိုင်ခဲ့ပြီး ကလပ်အသင်း(၃)သင်း (ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ နာပိုလီ)နဲ့ စီးရီးအေချန်ပီယံဆု ရယူနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ကွန်တီက လက်ရှိအချိန်မှာ အီတလီလက်ရွေးစင်အသင်းကို ပြန်လည်ကိုင်တွယ်ဖို့ ဆန္ဒရှိနေတဲ့အတွက် နာပိုလီအသင်းနဲ့ လမ်းခွဲဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သတင်းထွက်နေပါတယ်။
''ကျွန်တော် နာပိုလီအသင်းကို ရောက်ရှိခဲ့ချိန်မှာ အသင်းက အဆင့်(၁၀)ရောက်ထားပြီး ခက်ခဲတဲ့အခြေအနေ ဖြစ်ပေါ်နေတာပါ။ ကျွန်တော့်ရဲ့အတွေ့အကြုံတွေနဲ့ ပြန်လည်မြှင့်တင်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ နောက်တစ်ပွဲ ပြီးသွားရင်တော့ အသင်းဥက္ကဋ္ဌနဲ့ အပြန်အလှန်နားလည်မှုယူထားတာ ရှိပါတယ်။ ကျွန်တော့်စိတ်ကူးကို ဥက္ကဋ္ဌက လွန်ခဲ့တဲ့တစ်လကတည်းက သိထားပြီးသားပါ'' လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။















