ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျောက်သဲကျင်းပြိုကျပြီး ကျောက်သဲတူးနေသူ အမျိုးသားသုံးဦးကို ပိမိကာ နှစ်ဦးသေဆုံးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မေ ၁၇ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ယကြီးကျေးရွာအနီးရှိ ကျောက်သဲကျင်းပြိုကျမှုဖြစ်ပွားပြီး ကျောက်သဲတူးနေသူ အမျိုးသား သုံးဦး ပိမိနေကြောင်း သတင်းရရှိသဖြင့် ရွာငံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူ အမျိုးသား နှစ်ဦးကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ပိုင်ယာဉ်ဖြင့် မြိုင်ကျေးရွာတိုက်နယ်ဆေးရုံသို့လည်းကောင်း၊ ထိခိုက်ဒဏ်ရာရ အမျိုးသားတစ်ဦးအား ယကြီးဘုန်းကြီးကျောင်းပိုင်ယာဉ်ဖြင့် ပင်းတယပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဓာတ်ပုံ-MFSD















