လူဦးရေအများအပြားလာရောက်သည့်ဟိန္ဒူဘာသာရေးပွဲတော် ဟင်္သာတမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
အဆိုပါပွဲတော်ကို ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ စရီပသ်ရဲ ကာလီယမ္မာန်မယ်တော်ကြီးဘုရားကျောင်း၌ မေလ (၁၅)ရက် နေ့မှစ၍ သုံးရက်ကြာ ကျင်းပခြင်းဖြစ်သည်။
ပွဲတော်အစ ပထမနေ့၌ မီးဟုမ်းပူဇော်ပွဲ၊ သာသနာ့အလံတင်အခမ်းအနား၊ မဟာလက်ချမီးဆီမီးပူဇော်ပွဲ၊ ဒုတိယနေ့၌ စရီပသ်ရဲ ကာလီယမ္မာန်မယ်တော်ကြီး ဟင်္သာတမြို့တွင်း အပူဇော်ခံလှည့်လည်ပွဲ၊ တတိယနေ့၌ မီးနင်းပွဲတော်တို့ကို ကျင်းပခဲ့ပြီး ပွဲတော်သို့လာရောက်သူများစည်ကားခဲ့သည်။
ပွဲတော်ရက်အတွင်း ဟိန္ဒူဘာသာဝင်များသာမက ရပ်ဝေးရပ်နီးမှ အုန်းငှက်ပျောပွဲလှူဒါန်းသူများ၊ အဓိဌာန်ပြုဆုတောင်းသူများ လာရောက်ခဲ့ကြသည်။
ယခုနှစ်တွင် ရိုးရာတေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေမှုလည်းပါဝင်ခဲ့ပြီး ပွဲတော်လာရောက်သူအများအပြားကို အစဉ်အလာမပျက် သက်သတ်လွတ်စတုဒီသာထမင်းကျွေးမွေးလှုဒါန်းမှုလည်း နေ့စဉ်ဒါနပြုခဲ့သည်။
မီးနင်းပွဲကျင်းပသည့် ပွဲတော်နောက်ဆုံးနေ့၌ မိုးလေကင်းလွတ်ခဲ့ပြီး လာရောက်သူအများအပြားဖြင့် ယခင်ကထက် ပိုမိုစည်ကားခဲ့သည်။
အောင်ကျော်မျိုး(ဟင်္သာတ)















