နိုင်ငံတကာကျောင်းသားများကို ကန့်သတ်ပိတ်ပင်ပါက အမေရိကန်တက္ကသိုလ်အချို့ ဒေဝါလီခံရမည့် အခြေအနေနှင့် ကြုံတွေ့နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
အဆိုပါနိုင်ငံတကာကျောင်းသားများသည် ထူးချွန်ထက်မြက်သူများဖြစ်ပြီး အမေရိကန်တွင် ဆက်လက်နေထိုင်ချင်သည်ဆိုသည့်တိုင် Green Card များမရကြောင်း ထရန့်က တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် သွားရောက်ချိန်အတွင်း Fox News ရုပ်သံအစီအစဉ်တင်ဆက်သူ ရှောင်ဟန်နတီနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
"ခင်ဗျားတို့လူတွေကို ကျွန်တော်တို့ကျောင်းတွေမှာ မလိုချင်ဘူးလို့ အခြားနိုင်ငံကို ပြောတာဟာ အရမ်းကို စော်ကားရာရောက်ပါတယ်" ဟု ထရန့်က ပြောကြားခဲ့သည်။
ထိုသို့ တားမြစ်ကန့်သတ်မှုများ လုပ်ဆောင်ခြင်းသည် အခြားနိုင်ငံများကို ၎င်းတို့၏ ထူးချွန်ထက်မြက်သည့် လူငယ်များကို ပြည်ပသို့မထွက်ခွာစေဘဲ ပြည်တွင်းမှာပင် ထိန်းသိမ်းထားနိုင်ရန်အတွက် ကိုယ်ပိုင် တက္ကသိုလ်စနစ်များကို တိုးချဲ့လာစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်သွားနိုင်ကြောင်း ၎င်းကဆိုသည်။
"ပြီးတော့ သူတို့က တော်တဲ့သူတွေဖြစ်ပြီး အမေရိကန်မှာ ဆက်နေချင်တယ်ဆိုရင်တောင် ကျွန်တော်တို့က သူတို့ကို Green Card တွေ၊ ဘာတွေ မပေးဘဲ အခြားနည်းလမ်းတွေနဲ့ပဲ လုပ်ကြတာမျိုးတွေ ရှိနေပါတယ်" ဟု ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
"တက္ကသိုလ်စနစ်တစ်ခု ပျက်စီးသွားတာကို မြင်ချင်ရင်တော့ အဲဒီစနစ်ထဲကနေ ကျောင်းသား ငါးသိန်းလောက် ကို ဖယ်ထုတ်လိုက်ပါ။ ထိပ်သီးတက္ကသိုလ်တွေကတော့ ထိခိုက်မှုမရှိပေမယ့်အသေးစားကျောင်းတွေ၊ သိပ်ပြီးအဆင်မပြေလှတဲ့ ကျောင်းတွေကတော့ နေရာအနှံ့မှာ ပျက်စီးကုန်ကြပါလိမ့်မယ်"အပြည်ပြည်ဆိုင်ရာ ပညာရေးအင်စတီကျု (IIE) ၏ အချက်အလက်များအရ ပြီးခဲ့သည့်နှစ်က အမေရိကန်နိုင်ငံတွင် လာရောက်ပညာသင်ကြားခဲ့သည့် နိုင်ငံတကာကျောင်းသားဦးရေ ၁ သန်းကျော်ရှိပြီး ၎င်းတို့အနက် ၂၆၆၀၀၀ မှာ တရုတ်ကျောင်းသားများဖြစ်ကြောင်း ဖော်ပြထားသည်။
"နိုင်ငံတကာကလူတွေ ဒီကိုလာပြီး ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို လေ့လာကြတာဟာ တကယ်ကို ကောင်းမွန်တဲ့အရာလို့ ကျွန်တော် ပွင့်ပွင့်လင်းလင်း တွေးမိပါတယ်၊ သူတို့ထဲက အများစုကလည်း ဒီမှာပဲ ဆက်နေချင်ကြတယ်၊ ဒါဟာ ကောင်းတဲ့အချက်ပါ။ လူတိုင်းကတော့ ကျွန်တော့်အမြင်ကို သဘောတူကြမှာ မဟုတ်ပါဘူး၊ ပြီးတော့ ဒါဟာ ကွန်ဆာဗေးတစ်သမား တစ်ယောက်ရဲ့ ရပ်တည်ချက်မျိုးနဲ့လည်း တူမှာမဟုတ်ဘူး။ ကျွန်တော်က ကွန်ဆာဗေးတစ်သမားတစ်ယောက်ပါ၊ ဒါပေမဲ့ ကျွန်တော်က လက်တွေ့ကျကျ ဆင်ခြင်တုံတရားနဲ့ စဉ်းစားတတ်တဲ့သူမျိုး ပိုဖြစ်ပါတယ်" ဟု ဟု မေ ၁၄ ရက် ညနေပိုင်းက ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတွင် ထရန့်က ပြောကြားခဲ့သည်။
ထရန့်၏ ယခုမှတ်ချက်စကားများသည် အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာသူဦးရေကို လျှော့ချရန်ဟူသော ရည်မှန်းချက်၏ အစိတ်အပိုင်းတစ်ခုအဖြစ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် ပိုမိုတင်းကျပ်သည့် ကန့်သတ်ချက်များ ချမှတ်ခဲ့သော ၎င်း၏ အစောပိုင်းအစိုးရအဖွဲ့ မူဝါဒများနှင့် နှိုင်းယှဉ်ပါက ပျော့ပျောင်းသည့် လေသံမျိုး ပြသနေခြင်း ဖြစ်သည်။
လွန်ခဲ့သည့်နှစ်က ဖက်ဒရယ်အစိုးရသည် ဟားဗတ်တက္ကသိုလ်အနေဖြင့် နိုင်ငံတကာကျောင်းသားများကို ကျောင်းအပ်လက်ခံနိုင်မည့် အခွင့်အရေးကို ထိရောက်စွာ ပိတ်ပင်ခဲ့ပြီး အခြားသောကောလိပ်များသို့လည်း ယင်းကဲ့သို့ တင်းကျပ်မှုများ တိုးချဲ့လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ဟားဗတ်တက္ကသိုလ်ဘက်က ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ဆန္ဒပြမှုလှုပ်ရှားမှုများ၏ ဗီဒီယို သို့မဟုတ် အသံဖိုင်များ အပါအဝင် နိုင်ငံခြားကျောင်းသားများနှင့် ပတ်သက်သည့် မှတ်တမ်းများကို လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ပြီးနောက် အစိုးရအဖွဲ့၏ ထိုလုပ်ဆောင်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့သော်လည်း အစိုးရအဖွဲ့၏ ယင်းလုပ်ဆောင်မှုကို နောက်ပိုင်းတွင် ဖက်ဒရယ်တရားသူကြီးတစ်ဦးက ဆိုင်းငံ့ပိတ်ပင်ခဲ့သည်။
Ref: Newsweek, Photos- AFP















