ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များကို ငွေကြေးထောက်ပံ့မည်ဖြစ်၍ မေ ၃၁ ရက်နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
တိုင်းဒေသကြီး/ပြည်နယ် ခုနစ်ခုဖြစ်သော ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ၂၀၂၆ ခုနှစ်၊ မေ ၂၆ ရက်အထိ ကိုယ်ဝန်ဆောင်အဖြစ်ရှိနေသူများအနေဖြင့် MCCT အစီအစဉ်တွင် အကျိုး ခံစားခွင့်ရရှိရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး သို့မဟုတ် နီးစပ်ရာ လူမှုဝန်ထမ်းရုံးများသို့ မေ ၃၁ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကျိုးခံစားခွင့်ရှိသူများအား သုံးလပတ် နှစ်ကြိမ် ခြောက်လစာ ထောက်ပံ့သွားမည်ဖြစ်ကြောင်းနှင့် ယခုနှစ်မှစတင်ပြီး ဖုန်းသို့ငွေလွှဲခြင်းဖြင့် ထောက်ပံ့မည်ဖြစ်ပါ၍ ထုတ်ယူလိုသည့် ငွေလွှဲဝန်ဆောင်မှုများအား မိမိတို့၏ လက်ကိုင်ဖုန်းများတွင် ဖွင့်လှစ်ထားပါရန် အသိပေးနှိုးဆော်အပ်ကြောင်း သိရသည်။
ထောက်ပံ့ခြင်းအစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို လူမှုဝန်ထမ်းဦးစီးဌာန Help Line ဖုန်းနံပါတ် 1566၊ 09-889900077 သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။















