အီရန်ရေနံရောင်းဝယ်မှုတွင် ပါဝင်သည့် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များကို အမေရိကန် အရေးယူပိတ်ဆို့

အီရန်ရေနံရောင်းဝယ်မှုတွင် ပါဝင်သည့် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များကို အမေရိကန် အရေးယူပိတ်ဆို့
Published 12 May 2026

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ရေနံများကို ကြားခံကုမ္ပဏီများနှင့် ပွဲစားများမှတစ်ဆင့် တရုတ်နိုင်ငံသို့ ရောင်းချရန်နှင့် သယ်ယူပို့ဆောင်ပေးရန် ကူညီခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၁၂ ခုကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မေ ၁၁ ရက်တွင် ဒဏ်ခတ်ပိတ်ဆို့ကြောင်း ​ကြေညာလိုက်သည်။

ယခုပိတ်ဆို့မှုတွင် အီရန်၊ ဟောင်ကောင်၊ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နှင့် အိုမန်နိုင်ငံတို့တွင် အခြေစိုက်သည့် ကုမ္ပဏီများနှင့် အရာရှိများကို ပစ်မှတ်ထားခဲ့ပြီး ၎င်းတို့က အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကိုယ်စား ရေနံတင်ပို့မှုများနှင့် ဆက်စပ်ငွေကြေးလွှဲပြောင်းမှုများကို ကူညီပေးခဲ့သည်ဟု အမေရိကန်ဘက်က ​ပြောသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုအရ အဆိုပါကွန်ရက်သည် ရေနံရောင်းချမှုတွင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ရန်နှင့် ရရှိလာသည့် ဝင်ငွေများကို အီရန်ပြင်ပသို့ လွှဲပြောင်းရန် ပြည်ပနိုင်ငံများရှိ အမည်ခံကုမ္ပဏီများကို အသုံးပြုခဲ့ကြောင်း၊ တင်ပို့မှုအချို့တွင် ယခင်ကတည်းက ပိတ်ဆို့ခံထားရသည့် သင်္ဘောများကို အသုံးပြုခဲ့ကြောင်း သိရသည်။

အရေးယူခံရသူများတွင် IRGC ၏ရေနံဌာနချုပ် အကြီးအကဲ ၊ ဘဏ္ဍာရေးအရာရှိချုပ်နှင့် ကုန်သွယ်ရေးအရာရှိချုပ်တို့ ပါဝင်ကာ Hong Kong Blue Ocean Limited နှင့် Hong Kong Sanmu Limited တို့လည်း ပါဝင်နေသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က အီရန်၏ စစ်ရေးနှင့် နျူကလီးယားဆိုင်ရာ လုပ်ဆောင်ချက်များအတွက် အသုံးပြုနေသည့် ဝင်ငွေလမ်း​ကြောင်းများကို ပိတ်ဆို့ရန် ဆက်လက်ကြိုးပမ်းသွားမည်ဟုလည်း ဆိုသည်။

Ref: Anadolu Agency

Most Read

Most Recent