အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ၏ အာကေးဒီးယားမြို့တော်ဝန်သည် တရုတ်နိုင်ငံအတွက် စပိုင်လုပ်ပေးခဲ့သည်ဆိုသည့် စွဲချက်များကို ဝန်ခံရန် သဘောတူခဲ့ပြီးနောက် မေ ၁၁ ရက်တွင် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
အသက် ၅၈ နှစ်အရွယ် အာကေးဒီးယားမြို့တော်ဝန် အိုင်လင်းဝမ်သည် ပြည်ပအစိုးရတစ်ခု၏ တရားမဝင်ကိုယ်စားလှယ်အဖြစ် အမေရိကန်နိုင်ငံအတွင်း လှုပ်ရှားဆောင်ရွက်ခဲ့မှုဖြင့် စွဲချက်တင်ခံထားရကြောင်း တရားရေးဝန်ကြီးဌာနက မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဝမ်၏ ရာထူးမှ နုတ်ထွက်မှုနှင့် မကြာမီပြုလုပ်မည့် ပြစ်မှုဝန်ခံကတိပြုချက်တို့ကို အာကေးဒီးယားမြို့ တည်ရှိရာ လော့စ်အိန်ဂျလိစ်ခရိုင်ရှိ ဖက်ဒရယ်တရားရုံးတွင် အမှုတွဲအား ဖွင့်လှစ်လိုက်ချိန်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရာဇဝတ်မှုမှာ ဖက်ဒရယ်အကျဉ်းထောင်တွင် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပြစ်မှုမျိုးဖြစ်သည်။
“အိုင်လင်းဝမ်ဟာ တရုတ်အစိုးရရဲ့ အကျိုးစီးပွားအတွက် လျှို့ဝှက်ဆောင်ရွက်ပေးခဲ့တယ်ဆိုတာကို သူကိုယ်တိုင် ဝန်ခံခဲ့ပါတယ်” ဟု FBI ၏ တန်ပြန်ထောက်လှမ်းရေးနှင့် သူလျှိုနှိမ်နင်းရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ရိုမန်ရိုဇတ်စကီးက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
Photo- Los Angeles Times















