မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်တို့ ပူးပေါင်း၍ (၉)ကြိမ်မြောက် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်ဆိုင်ရာ သင်တန်းဖွင့်လှစ်

မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်တို့ ပူးပေါင်း၍ (၉)ကြိမ်မြောက် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်ဆိုင်ရာ သင်တန်းဖွင့်လှစ်
Published 11 May 2026

မြန်မာ့တပ်မတော်မှအရာရှိ၊ စစ်သည်များအနေဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းတာဝန်များသိရှိနိုင်စေရန်အတွက် မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်တို့ ပူးပေါင်းဖွင့်လှစ်သော ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းစဉ်ဆိုင်ရာသင်တန်း UN Peacekeeping Officer Course ဖွင့်ပွဲ အခမ်းအနားကို ယနေ့(​မေ ၁၁ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ PARKROYAL ဟိုတယ်၌ ပြုလုပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ စစ်သံမှူးများ၊ အိန္ဒိယတပ်မတော်မှ နည်းပြအရာရှိများ၊ မြန်မာ့တပ်မတော်မှ သင်တန်းသား အရာရှိများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့​ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့်အဖွဲ့ဝင်များသည် အိန္ဒိယတပ်မတော်အနေဖြင့် UN Peacekeeping ဆိုင်ရာလုပ်ငန်းစဉ်များတွင် တာဝန်ထမ်းဆောင်ခဲ့မှု မှတ်တမ်းများ နှင့် မြန်မာ-အိန္ဒိယတပ်မတော်နှစ်ရပ်အကြား ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်ဆိုင်ရာလေ့ကျင့်ခန်းများတွင် ပူးပေါင်းလေ့ကျင့်ခဲ့မှု မှတ်တမ်းများ အား လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့​ကြောင်း သိရသည်။

ထို့နောက် သင်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပရာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း က သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur က အဖွင့်အမှာ စကားပြောကြားခဲ့​ကြောင်း သိရသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အခမ်းအနားတက်ရောက်လာကြသူများက “Indian Army Contribution to the United Nation Peacekeeping Operations" Video Clip ကို ကြည့်ရှုကြပြီးနောက် အိန္ဒိယနိုင်ငံ Center for United Nations Peacekeeping (CUNPK)မှ သင်တန်းနည်းပြခေါင်းဆောင်က သင်တန်းရည်ရွယ်ချက်နှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်ဆိုင်ရာ လေ့ကျင့်မှုများအား ရှင်းလင်းတင်ပြခဲ့​ကြောင်း သိရသည်။

ယင်းသင်တန်းသည် (၉) ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုသင်တန်း တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ သင်တန်းသား အရာရှိ ၃၀ ဦး တက်ရောက် ကြမည်ဖြစ်ကြောင်းသိရသည်။

ယခုသင်တန်းတွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်း မှုဆိုင်ရာ လုပ်ငန်းများ၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ စည်းမျဉ်းများနှင့် ဆောင်ရွက် နေမှုများ၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့များ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များ၊ အရပ်သားများအား ကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ် များအား ကာကွယ်စောင့်ရှောက်မှု၊ စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကင်းလှည့်ခြင်း၊ ယာဉ်တန်းလုံခြုံရေး ဆောင်ရွက်ခြင်း၊ တပ်ခွဲအခြေချစခန်း တည်ဆောက်ခြင်း၊ လေ့ကျင့်ခန်း BlueHelmet စသည့် ဘာသာရပ်များကို စာတွေ့၊ လက်တွေ့လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ပြီး မေ ၂၂ ရက်အထိ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

Photo. MWD၊ India Embassy See less

Most Read

Most Recent