မည်သည့်တိုက်ခိုက်မှုကိုမဆို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု ပါကစ္စတန်စစ်တပ် ပြောကြား

မည်သည့်တိုက်ခိုက်မှုကိုမဆို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု ပါကစ္စတန်စစ်တပ် ပြောကြား
Published 8 May 2026
Ref:AFP

မည်သည့်တိုက်ခိုက်မှုကိုမဆို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပါကစ္စတန်စစ်တပ်က မေ ၇ ရက်တွင် သတိပေးခဲ့သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အိန္ဒိယနှင့် ပါကစ္စတန်ကြား ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် လေးရက်ကြာ ပဋိပက္ခ၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပါကစ္စတန် စစ်တပ်က ထိုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပဋိပက္ခမှာ အမေရိကန်ကကြား ဝင်စေ့စပ်ပေးခဲ့သည့် အပစ်အခတ်ရပ်စဲရေးကြောင့် ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်အပေါ် မည်သည့် ရန်လိုသော ကြံစည်မှုကိုမဆို ၂၀၂၅ ခုနှစ် မေလပဋိပက္ခအတွင်း အိန္ဒိယက မြင်တွေ့ခဲ့ရသည်ထက် ပိုမိုကြီးမားသော အင်အား၊ တိကျမှုနှင့် ပြတ်သားမှုတို့ဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။

ပါကစ္စတန်သည် အိန္ဒိယနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကို Make-e-Haq သို့မဟုတ် အမှန်တရားအတွက် တိုက်ပွဲဟု အမည်ပေးခဲ့သည်။

အငြင်းပွားဖွယ်ရာ ဟိမဝန္တာဒေသဖြစ်သည့် ကက်ရှ်မီးယား၏ အိန္ဒိယထိန်းချုပ်ရာ နယ်မြေအတွင်း လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကြောင့် ဟိန္ဒူဘုရားဖူးအများစုအပါအဝင် လူ ၂၆ ဦး သေဆုံးခဲ့ပြီးနောက် ပါကစ္စတန်နှင့် အိန္ဒိယတို့သည် အပြန်အလှန်လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။

အိန္ဒိယက ယင်းသတ်ဖြတ်မှုမှာ ပါကစ္စတန်ကျောထောက်နောက်ခံပြု စစ်သွေးကြွများ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲခဲ့သော်လည်း ပါကစ္စတန်ကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုခဲ့သည်။

အိန္ဒိယက မေလ ၇ ရက်နေ့တွင် ပါကစ္စတန်ပိုင်နက်အတွင်းသို့ တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ရာ ပါကစ္စတန်ဘက်ကလည်း ဒရုန်းများဖြင့် ကျူးကျော်ဝင်ရောက်ခြင်း၊ ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်းနှင့် အမြောက်များဖြင့် ပစ်ခတ်ခြင်းစသည့် လက်တုံ့ပြန်တိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့သည်။

အမေရိကန်၏ ကြားဝင်စေ့စပ်မှုကြောင့် မေလ ၁၀ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမရရှိမီ နှစ်ဖက်စလုံးမှ လူပေါင်းဆယ်ဂဏန်းခန့် သေဆုံးခဲ့သည်။

ပါကစ္စတန်သည် ထိုစဉ်က ပြင်သစ်နိုင်ငံထုတ် Rafale တိုက်လေယာဉ် တစ်စင်းအပါအဝင် အိန္ဒိယစစ်ဘက်လေယာဉ် အနည်းဆုံး ၇ စင်းကို ပစ်ချနိုင်ခဲ့ကြောင်းပြောခဲ့သည်။

အိန္ဒိယဘက်ကမူ ၎င်းတို့ဘက်မှ အထိအခိုက်အပျက်အစီးအချို့ရှိခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပိုမိုကျယ်ပြန့်သော စစ်ပွဲဖြစ်ပွားမည့်အရေးကို တားဆီးပေးနိုင်ခဲ့သည့်အတွက် ၎င်း၏အကူအညီကြောင့်ဖြစ်သည်ဟု အကြိမ်ကြိမ်ပြောဆိုခဲ့သည်။

ပါကစ္စတန်နှင့် အိန္ဒိယတို့သည် ဆက်ဆံရေးတင်းမာခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ပြီး နှစ်နိုင်ငံလုံးက အလုံးစုံပိုင်ဆိုင်ကြောင်း အပြိုင်အဆိုင် အခိုင်အမာဆိုထားသည့် ကက်ရှ်မီးယားဒေသနှင့်ပတ်သက်၍ စစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ရာတွင် နှစ်ကြိမ်မှာ ထိုဒေသကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent