ကလော၊ အင်းပြင်တွင် ခရီးသည်တင်ကားနှင့် သဲကား တိုက်မိခြင်းကြောင့် အမျိုးသမီး တစ်ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရ

ကလော၊ အင်းပြင်တွင် ခရီးသည်တင်ကားနှင့် သဲကား တိုက်မိခြင်းကြောင့် အမျိုးသမီး တစ်ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရ
Published 8 May 2026

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အင်းပြင်ကျေးရွာ၊ ပြည်ထောင်စုလမ်းမပေါ်တွင် မေလ ၇ ရက်၊ ညပိုင်း ၈ နာရီ ၄၀ မိနစ်အချိန် ခရီးသည်တင်ကားနှင့် သဲကား တိုက်မိပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကလော ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။

အောင်ပန်းသို့ ဦးတည်မောင်းလာသော Mini Bus အမျိုးအစား ခရီးသည်တင်ယာဉ်တစ်စီး သည်  အင်းပြင်ကျေးရွာရှိ ခမရ (၁၁၂) တပ်ရှေ့တွင် ခရီးသည်ချ နေစဉ် လမ်းကြောင်းတူ မောင်းနှင်လာသည့် သဲကားတစ်စီးက နောက်မှ ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်ပေါ်မှ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ ကလော ပြည်သူ့ဆေးရုံ တင်ပို့ ပေးခဲ့ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ထံမှ သိရသည်။

ထိုသို့ မဆင်မခြင်မောင်းနှင်ခဲ့သော သဲကားယာဉ်မောင်းအား ကလောမြို့မရဲစခန်း တွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄ (က) တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဓါတ်ပုံ -  ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့

Most Read

Most Recent