အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီပါတီသည် အတိုက်အခံတို့ အစဉ်အဆက်ကြီးစိုးခဲ့ရာ အနောက်ဘင်္ဂလားပြည်နယ် ရွေးကောက်ပွဲတွင် ပြိုင်ဘက်များကို အပြတ်အသတ် အနိုင်ရခဲ့သည်ဟု မေ ၄ ရက်တွင် ရလာဒ်များ ထွက်လာသည်။
လူဦးရေ သန်း ၁၀၀ ကျော်ရှိသည့် အဆိုပါပြည်နယ် အပါအဝင် ပြီးခဲ့သည့် ဧပြီနှင့် မေလများက ရွေးကောက်ပွဲကျင်းပခဲ့သည့် ပြည်နယ်နှင့် နယ်မြေငါးခု၏ ရလဒ်များကို ထုတ်ပြန်နေခြင်းဖြစ်ပြီး အိန္ဒိယရွေးကောက်ပွဲကော်မရှင်၏ နောက်ဆုံးထုတ်ပြန်ချက်အရ မိုဒီ၏ BJP ပါတီသည် အနောက်ဘင်္ဂလားပြည်နယ်လွှတ်တော်တွင် အမတ်နေရာ ၁၉၀ အနိုင်ရခဲ့ကာ အစိုးရဖွဲ့ရန် လိုအပ်သည့် အမတ် ၁၄၈ နေရာထက် များစွာကျော်လွန်ပြီး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အောင်ပွဲဆင်ခဲ့ခြင်းဖြစ်သည်။
BJP ပါတီက အာသံပြည်နယ်တွင်လည်း သုံးကြိမ်ဆက်တိုက် အနိုင်ရပြီး အာဏာကို ဆက်လက်ထိန်းထားကာ ပင်လယ်ကမ်းရိုးတန်းဒေသငယ် ပုဒူချယ်ရီ၌လည်း အနိုင်ရထားပြန်သည်။
၂၀၂၉ အထွေထွေရွေးကောက်ပွဲမတိုင်မီ မြင့်မားလာသည့် အလုပ်လက်မဲ့နှုန်းနှင့် အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက် စသည့် စီးပွားရေးနှင့် နိုင်ငံခြားရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့် အသက် ၇၅ နှစ်အရွယ်ရှိ မိုဒီအတွက် ယခုရလာဒ်များက ပိုမိုခိုင်မာသည့် ခြေကုပ်တစ်ခု ရရှိစေမည်။
အာဏာရပါတီ BJP သည် ၂၀၁၁ ခုနှစ်ကတည်းက အနောက်ဘင်္ဂလားကို အုပ်ချုပ်ခဲ့သည့် အမာခံခေါင်းဆောင် မာမာတာ ဘန်နာဂျီ၏ပါတီကို အာဏာမှ ဖယ်ရှားနိုင်ရန် အကြိတ်အနယ် မဲဆွယ်စည်းရုံးခဲ့သည်။
Ref: AFP















