သထုံမြို့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ ပြည်နယ်အဆင့် အရည်အချင်းစစ် စာမေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) မှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် (၁၃) ကြိမ်မြောက် သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ၏ မွန်ပြည်နယ်အဆင့် အရည်အချင်းစစ် စာမေးပွဲအား မေလ ၃ ရ က်၊ နံနက်ပိုင်းက သထုံမြို့၊ လေးဆူဓါတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဦးစွာ သုတစုံလင်ဗုဒ္ဓဝင် စာမေးပွဲကျင်းပရေး နာယကဆရာတော်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့များ၊ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာကြသူအပေါင်းက နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ကြီးကြပ်ရေးအဖွဲ့မှ ဆရာတော်က စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များအားရှင်းလင်းပြောကြားခဲ့သည်။
သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ ပြည်နယ်အဆင့် အရည်အချင်းစစ် စာမေးပွဲသို့ အခြခံပညာ မူလတန်းနှင့် အလယ်တန်းတို့မှ သာမဏေများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၀) ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်း ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “စာမေးပွဲဝင်ရောက်ဖြေဆိုကြတဲ့ ကျောင်းသား၊ ကျောင်းသူ တစ်ဦးတည်းကသာ ဗဟိုအဆင့် သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲကို သွားရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ ပြည်နယ်အဆင့် အရည်အချင်းစစ် စာမေးပွဲသို့ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ သာမဏေများနှင့် ကျောင်းသား၊ ကျောင်းသူများဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း နှင့် စာမေးပွဲဖြေဆိုသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကြီးကြပ်ရေး ဆရာတော်များ၊ ကြီးကြပ်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများက စောင့်ရှောက်ပေးခဲ့ကြကြောင်း နှင့် အလှူရှင်များမှလည်း စာဖြေ သာမဏေများ၊ ကျောင်းသား၊ ကျောင်းသူများအား အချိုရည်နှင့် လှူဖွယ်ဝတ္ထုများအား ဆပ်ကပ်လှူဒါန်းခြင်း၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဘိုဘိုမြင့်
Photo Credit - ကိုသက် (သထုံ)















